ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်တွင် အကြမ်းဖက်စစ်တပ်က ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် နှစ်ဦးအား မဖွယ်မရာပြုကျင့်၊ သတင်းထွက်ပေါ်ပါက ရွာမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆို

11 months ago

ဩဂုတ် ၂

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ကလေးသုံးဦးမိခင်ကို အဓမ္မပြုကျင့်ခဲ့သည့်အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုလည်း လင်ယောကျာ်းအရှေ့တွင် မဖွယ်မရာပြုလုပ်ခဲ့ကာ ယင်းနှင့်ပတ်သက်ပြီး ကျူးလွန်ခံရသူများအား ငွေကျပ် တစ်သိန်းခွဲစီပေးကာ ဒေသခံရွာသားများကို သတင်းထုတ်ဖော်ပြောဆိုခြင်းမပြုရန် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ တနင်္ဂနွေညမှာဖြစ်ပြီးတော့ နောက်ရက်မနက်ကျ သူတို့ သတင်းမထွက်အောင်ဆိုပြီး စစ်သားတွေ အစည်းဝေးလုပ်ကြတယ်။ အဲဒီမှာ ရွာသားတွေကိုအကုန်ခေါ်ပြီး အစည်းအဝေးလုပ်ပြီး မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးနှစ်ယောက်ကိုခေါ်ပြီး နင်တို့ကိုလုပ်တဲ့သူ ဒီကောင်တွေထဲက ဘယ်သူလဲဆိုပြီးပြောတော့ ကိုယ်ဝန်ဆောင်နဲ့အမျိုးသမီးက အဲဒီစစ်သားကိုပြတယ်။ ပြီးတော့ အဲဒီစစ်ကြောင်းမှူးက အဲဒီကောင်ကို လူတွေရှေ့မှာရိုက်နှက်ပြီး ဒီသတင်းကိုအပြင်မှာပေါက်ရင် နမ်အွန်ကျေးရွာမြင်တယ်မဟုတ်လား။ နမ်အွန်ကျေးရွာကလိုမျိုး ၁၀၅ (စစ်တပ်)နဲ့ နမ်ဖက်ကာကနေ လက်နက်ကြီးတွေ ပစ်ခိုင်းပြီးမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Spring Of Burma Media သို့ပြောသည်။

အကြမ်းဖက်စစ်တပ် ခြေမြန်တပ်ရင်း (ခမရ ၅၆၉)မှ တပ်သားများက ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ညက ကွတ်ခိုင်မြို့နယ် ဆွန်လုံကျေးရွာရှိ ကလေးသုံးဦးမိခင် အသက် သုံးဆယ်ကျော်ခန့်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး ကလေးတစ်ဦးမိခင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သူမ၏ အမျိုးသားရှေ့တွင် မဖွယ်မရာကိုင်တွယ်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အခြားအမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးက သူတို့မိသားစုက ရွာရဲ့ ဟိုးအစွန်နားမှာနေကြတယ်။ ညကို စစ်သားတွေက ဝင်လာပြီး သူ့ကိုတော့ လက်တစ်ဖက်ကို လက်ထိပ်ခတ်ထားတော့ သူက သူ့အမျိုးသားနဲ့ ကလေးတွေကိုထိမှာစိုးလို့ တိတ်တိတ်လေး စစ်သားတွေခေါ်တဲ့နောက်မှာ လိုက်သွားတယ်ပြောတယ်။ နောက်တော့ အဲဒီမှာ သိတဲ့အတိုင်း အဲဒီလိုတွေဖြစ်ကြတော့ သူလည်းအရမ်းရုန်းပြီး လက်တစ်ဖက်က မခတ်ထားတော့ စစ်သားလွယ်ထားတဲ့ သေနတ်ကို လှမ်းဆွဲလိုက်ပြီး ဖောက်သွားတဲံ့ချိန် ထွက်ပြေးလာတယ်ပြောတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ သူတို့အိမ်ကို စစ်သားတွေ တံခါးခေါက်တာ နှစ်ခါသုံးခါခေါက်ပြီး မဖွင့်ပေးတာကို ထပ်ခေါက်နေတော့ အမျိုးသားကဖွင့်လိုက်တဲ့ချိန် ဝင်လာပြီး ဟိုစုစု ဒီစုစု စကားတွေပြောနေကြတယ်ပြောတယ်။ အဲဒီအချိန် သူ့မိန်းမက ကိုယ်ဝန်ဆောင်ထားတဲ့သူလေ၊ သူက စိတ်ပူလို့ ထွက်လာတော့ အဲဒီစစ်သားတွေက စကားတွေပြောပြောပြီး တဖြည်းဖြည်းနီးလာပြီး ဗိုက်တွေပွတ်ပေးနေတာ။ ပြီးတော့ အမျိုးသားကိုကျ အရက်သွားဝယ်ခိုင်းတော့ သူက အခုအချိန်ဆိုင်တွေပိတ်သွားပြီ ဝယ်မရတော့ဘူးပြောတော့ သူ့ကို လက်မြှောက်ခိုင်းထားလိုက်တယ်ပြောတယ်။ ပြီးတော့ သူ့ရှေ့မှာပဲ အမျိုးသမီးကို နေရာအနှံ့လိုက်ပွတ်သပ်နေခဲ့တာ” ဟု ပြောသည်။

၂၀၁၉ ခုနှစ်က ပြန်လည်ပြင်ဆင်သည့် ဥပဒေတွင် အသက် ၁၂ နှစ်အောက်နှင့် အမျိုးသမီးများအပေါ် မုဒိမ်းမှုကျူးလွန်သူကို အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ မှ ထောင်တစ်သက် ပြစ်ဒဏ်ကျခံရမည်ဟု ပြဌာန်းထားသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က အမျိုးသမီးတစ်ဦး တောင်ယာသို့သွားစဉ် လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားသုံးဦး၏ အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

သွင်သစ်