ရေးမြို့အခြေစိုက် စကခ – ၁၉၊ ရေးတံတားကြီးရှိ စစ်ကောင်စီတပ်များ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ၊ အနည်းဆုံး ရဲနှစ်ဦး သေဆုံး

4 months ago

“ခြောက်သွေ့ကာလ ရောက်လာပြီဆိုတော့ စစ်ရေးကတော့ ပိုပြီး အရှိန်အဟုန်ပြင်းပြင်း လုပ်ဆောင်ဖို့ ပြင်ဆင်ထားတာတွေ ရှိပါတယ်။ တိုက်ပွဲတွေလည်း နေရာအနှံ့မှာ ဖြစ်လာနိုင်ဖို့ ရှိပါတယ်”
နိုင်နဂါး (MSRF ၏ ပြောခွင့်ရ)
=====
ဖေဖော်ဝါရီ ၂၂
မွန်ပြည်နယ်၊ ရေးခရိုင်ရှိ စကစတပ်များအား ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၉ ရက်နေ့အတွင်း တိုက်ခိုက်မှုများ ဖော်ဆောင်ခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံမှ သိရသည်။
May be an image of 4 people and text that says 'YGF +'
အဆိုပါတိုက်ခိုက်မှုများအနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ၊ နေ့လယ် ၁ နာရီနှင့် နေ့လယ် ၃ နာရီတို့တွင် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့မှ ရေးမြို့အခြေစိုက် စကခ-၁၉ လက်အောက်ရှိ ခလရ – ၆၁ နှင့် ရေးမြို့နယ် ထွေအုပ်ရုံးသို့ FS-Z fixed wings drone ဖြင့် လက်လုပ်ဗုံးသီး ခြောက်လုံးဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့‌ကြောင်း၊ ဗုံးကြဲပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ၁၅ လုံးခန့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင်လည်း ရေးတံတားကြီးအနီးရှိ အောင်ဘုတ်ရွာထိပ်ရှိ ဝင်းဆီဆိုင်နောက်ကျောတွင် စစ်ကောင်စီဘက်မှ အင်အား ၆၀ခန့် တပ်စွဲနေသည်ဟု သတင်းရရှိသောကြောင့် SF-Z fixed wings drone နှင့် ၆၀မမ ဗုံးသီးဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သူများကို လူနာတင်ယာဉ် သုံးစီးဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ပြည်သူများထံမှ သိရှိရကြောင်း၊ ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးနှစ်လုံး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း MSRF က ထုတ်ပြန်ထားသည်။
May be an image of 3 people and people skeet shooting
ထို့ပြင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် စကခ – ၁၉ရှိ ခရိုင်အုပ်ချုပ်ရေးရုံးသို့ SF-Z Fixed Wings Drone သုံးပြီး ဗုံးသီးဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ၁၉ ရက်နေ့ နံနက် ၅:၃၀ နာရီတွင် ရေးတံတားကြီး၌ တပ်စွဲထားသော စကစများအား ဗုံးသီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နံနက် ၅:၃၃ နာရီတွင် ရေးမြို့အခြေစိုက် စကခ – ၁၉ နှင့် ခလရ – ၆၁ တို့အား လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၈ နာရီတွင် ရေးမြို့တံတားကြီးဂိတ်၌ တပ်စွဲထားသော ရဲကင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရဲနှစ်ဦး သေဆုံးကာ ခလရ – ၆၁ မှ အိမ်စီးကား ခြောက်စီးဖြင့် ထိခိုက်ဒဏ်ရာရသူများအား သယ်ထုတ်သွားကြောင်း သိရသည်။
ယင်းနောက် နေ့လယ် ၃ နာရီ မှ ၃:၁၅ နာရီအတွင်း ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် စကခ – ၁၉ ကို ထပ်မံတိုက်ခိုက်ခဲ့ရာ ၁၉ ရက်‌နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် အကြိမ် သုံးဆယ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ဒီတိုက်ခိုက်မှုတွေမှာ ထိခိုက်မှုတွေကို ထပ်ပြီး သိရတာတော့ မရှိသေးဘူး။ လက်ရှိမှာတော့ ရေးမြို့နယ်မှာ ရှိတဲ့ ရန်သူတွေက သူတို့ကို ဝန်းရံပြီး မတိုက်အောင် မြို့ပြင်ကို ထွက်ပြီး ရှောင်တခင်တိုက်နိုင်ဖို့ စစ်မြေပြင်ကို အရှေ့ဘက်ကို ချဲ့လာတယ်။ ခြောက်သွေ့ကာလ ရောက်လာပြီဆိုတော့ စစ်ရေးကတော့ ပိုပြီး အရှိန်အဟုန်ပြင်းပြင်း လုပ်ဆောင်ဖို့ ပြင်ဆင်ထားတာတွေ ရှိပါတယ်။ တိုက်ပွဲတွေလည်း နေရာအနှံ့မှာ ဖြစ်လာနိုင်ဖို့ ရှိပါတယ်။ ရန်သူဘက်ကလည်း ခြောက်သွေ့ရာသီ စစ်ဆင်ရေးတွေကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ ရေးခရိုင် စကခ ၁၉ လက်အောက်ခံ စစ်ဒေသမှာ အင်အားတွေ ထပ်ဖြည့်ထားတာတွေ ရှိတယ်ဗျ။ အဲဒါတွေလည်း ကျွန်တော်တို့ သတင်းတွေ ကြားရပါတယ်” ဟု MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
၎င်းတော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ Dawns Wings ၊ Ye Air Force – YAF၊ ဝေဟင်တပ်ခွဲ ဒေါနတပ်ခွဲ – ၆ ၊ ကံပေါက်တပ်ခွဲ ဒေါနတပ်ခွဲ – ၄ ၊ YGF ရေးပြောက်ကျားတပ် ဒေါနတပ်ခွဲ – ၃၊ ရေးသိမ်းငှက်၊ ABSDF တပ်ရင်း – ၁ ၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း – MSRO ၊ Ye Defense Force – YDF ၊ DDT ပူးပေါင်တပ်ဖွဲ့တို့ ပါဝင်ခဲ့ကြကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိဘဲ ခွာစစ်ဆင်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ထိတွေ့တိုက်ပွဲမရှိဘဲ နေ့ညအချိန်မ‌ရွေး လက်နက်ကြီးဖြင့် ကျုံလောင်းကျေးရွာ၊ ကျောက်မီးချောင်းကျေးရွာနှင့် ဝယ်ပေါင်ကျေးရွာအနီးသို့ အကြိမ်များစွာ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် အရပ်သားများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်း သိရသည်။