ရေးမြို့နယ်၊ ရွေပြည်သာကျေးရွာ ပျူစခန်းအား ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်၊ ၄ ဦး သေဆုံး၊ ၈ ဦး ထွက်ပြေးပြီး စခန်းသိမ်းနိုင်ခဲ့

4 months ago

ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ ရေးမြို့နယ် ရွှေပြည်သာကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး ၈ ဦး ထွက်ပြေးသွားခဲ့ကာ စခန်းသိမ်းနိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။
အဆိုပါ ပျုစခန်းကို ယမန်‌နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ပြီး ဝင်ရခက်ခဲသည့် ၎င်းစခန်းအား သိမ်းပိုက်ကာ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
“အာဏာစသိမ်းပြီးကတည်းက စစ်ကောင်စီက အဲဒီမှာ ပျူစောထီးအဖွဲ့ ဖွဲ့ထားပေးပြီး လက်နက် အနည်းငယ် ချထားပေးတာပေါ့။ လုပ်ပိုင်ခွင့်တွေ အပြည့်အဝ ပေးထားတယ်။ ပြီးရင် ရပ်ကွက်တွေ ရွာတွေထဲမှာ ဆိုင်ကယ်တွေ ဝင်ခိုးတယ်။ ခိုးရုံတင်မက လုယက်တာတွေပါ ဖြစ်လာတယ်။ လုယက်ပြီး မျက်နှာကို အက်စစ်နဲ့ ပက်လိုက်တာမျိုးတို့၊ ဓားထောက်ပြီး ဆိုင်ကယ်လုတာမျိုးတို့၊ မပေးရင် ဓားနဲ့ထိုးလိုက်တာမျိုးတို့၊ ဒါမျိုးတွေက ကျွန်တော်တို့ ကြားနေရတာတော့ ကြာပြီဗျ။ ကျွန်တော်တို့ သူတို့ကို ပထမအနေနဲ့ သတိပေးတယ်ပေါ့နော်။ ထပ်ပြီး မကျူးလွန်ကြဖို့။ ပျူဆိုပေမယ့်လည်း ပြည်သူတွေက များနေတော့ မရှင်းလင်းချင်လို့ အကြိမ်ကြိမ် သတိပေးပါတယ်။ အဲဒီကြားထဲကနေမှ တနေ့ထက်တနေ့ ပိုပိုဆိုးလာခဲ့တယ်ဗျ။ သူတို့ သိမ်းထားတဲ့ ရော်ဘာခြံတွေက အပင်တွေကို ရောင်းတယ်။ ‌အဲဒီခြံတွေ၊ မြေကွက်တွေကိုလည်း ရောင်းစားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လုံးဝ လွှတ်ထားပေးလို့ မရတဲ့ အခြေအနေကို ရောက်လာခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။
သို့ရာတွင် ၎င်းစခန်းတည်ရှိရာနေရာမှာ နက်လွန်းသည့်အတွက် တော်လှန်ရေးအဖွဲ့များ လွယ်ကူစွာ ဝင်ရောက်တိုက်ခိုက်ရန်၊ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာရန်မှာ ခက်ခဲသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
“အဲဒီစခန်းရဲ့ ဘေးပတ်လည်တွေမှာလည်း သူတို့လူတွေနဲ့ပဲ ဝိုင်းထားတာဆိုတော့ ကျွန်တော်တို့ ဝင်ပြီးရင် ဆုတ်ခွာရမှာ အရမ်းဝေးတယ်ဗျ။ အဲဒါကြောင့် ကျွန်တော်တို့ အကောင်းဆုံး ဗျူဟာတစ်ခု ခင်းပြီးတော့ ဝင်ရောက်တိုက်ခိုက်တယ်။ ဝင်လုံးတယ်။ အဲဒီမှာ သူတို့လူ ၁၂ ယောက်လောက် ရှိနေတယ်‌ဗျ။ ဝင်သွားတဲ့အချိန်မှာ ကျတဲ့သူတွေကျ၊ ထွက်ပြေးတဲ့သူတွေ ပြေးပေါ့။ ပြေးတဲ့သူတွေဆီမှာ သူတို့ရဲ့ လက်နက်တွေလည်း ပါသွားတယ်။ လက်နက်တော့ မသိမ်းဆည်းနိုင်ဘူး။ စခန်းတော့ ရခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စခန်းအတွင်းမှ စစ်ကောင်စီတပ်၏ ယူနီဖောင်းများ၊ မော်တော်ဆိုင်ကယ် နှစ်စီး၊ သက်သေခံပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကာ စခန်းတွင် ကတုတ်ကျင်းများ ပြုလုပ်ပြင်ဆင်ထားခြင်းများ အပါအဝင် မြင်းဆေး သုံးစွဲခြင်း၊ ဖြန့်ဝေရောင်းချခြင်းများ ပြုလုပ်နေသည့် အထောက်အထား တချို့ကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။