ရေးမြို့နယ်ရှိ စစ်ကောင်စီ ကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ ဆယ်ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူများ ထွက်ပြေးသွားခဲ့ကြ

5 months ago

ဇန်နဝါရီ ၂၀
ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဆယ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ထားသည်။
ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၄၃ မိနစ်အချိန်က ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ကြိုးတံတားဂိတ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နှင့် ရေးသိမ်းငှက်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဆယ်ဦးထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရသူများက ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
“ထွက်ပြေးသွားတဲ့ စကစတွေကို လိုက်မဖမ်းပါဘူး။ စခန်းကနေ မိုင်းကြိုးတွေ၊ မိုင်းသီးတွေ သိမ်းဆည်းရမိတာ ရှိတယ်။ အဲဒီတော့ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ မိုင်းတွေထောင်ထားလိမ့်မယ်ဆိုတာ သေချာတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့ မလိုက်ဘူးဗျ။ နောက်ပြီး ကျွန်တော်တို့ စခန်းကိုလည်း သိမ်းပြီးရော အထောက်တော်တွေဆီက သတင်းကြားရတာက စစ်ကူအတွက် Mi35 လေယာဉ်တက်လာတယ်လို့ သတင်းကြားရတာကြောင့် ကျွန်တော်တို့လည်း စခန်းသိမ်း၊ မီးရှို့ပြီး ထွက်လာတာပေါ့နော်။ အဲဒါအပြင် ခမရ – ၅၈၈ နဲ့ ခမရ – ၃၄၃ တို့က စစ်ကူတွေ ထွက်လာတယ်ဆိုတာ ကြားရတဲ့အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စခန်းကို သိမ်းပြီးပြီဖြစ်တဲ့အတွက် ရန်သူတွေကို လိုက်ဖမ်းတာမျိုးတော့ မလုပ်ခဲ့ပါဘူးခင်ဗျ” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
စစ်ကောင်စီတပ် စခန်းချထားသည့် ကြိုးတံတားဂိတ်စခန်းနှင့် ခမရ – ၅၈၈ တို့ကို ပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ဖိအားပေးတိုက်ခိုက်ခဲ့ရာတွင် စကစတပ်ရင်းများဖြစ်သည့် ခမရ – ၅၈၈ နှင့် ခမရ – ၃၄၃ တို့မှ လက်နက်ကြီးဖြင့် အကြိမ် ၄၀ ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဘက်မှ ရဲဘော် လေးဦး မစိုးရိမ်ဒဏ်ရာရရှိသည်မှအပ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကာ တိုက်ပွဲကြာမြင့်ချိန် ၁ နာရီကျော်ခန့်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါတပ်စခန်းမှ ၆၀မမ လက်နက်ကြီး ပြောင်းရှည် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ MA-1 ၁ လက် ၊ M16 A1 – ၁ လက်၊ AK47 ၁ လက်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ ပေါက်ကြိုး ၉ ခွေ၊ 5.56 ကျည်ဘောက် ၅ ခု၊ Ak ကျည်ဘောက် ၁ ခု၊ MA ကျည်ဘောက် ၆ ခု၊ RPG ဗုံးသီး ၅ လုံး၊ အီနာဂါ ၂ လုံး၊ မီးကျည် ၁ လုံး၊ မိုင်းပစ္စည်းများ၊ လက်ပစ်ဗုံး ၁၂ လုံး၊ 380 ကျည် ၅ တောင့် ၊ မှတ်ပုံတင် ၅ ခု ၊ ဖုန်း ၁ လုံး ၊ လက်နက်ငယ်ကျည်အမြောက်အမြားနှင့် မော်တော်ဆိုင်ကယ် ၂ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။