ရေးမြို့နယ်ရှိ ခမရ (၅၉၁) တပ်ထဲတွင် စကစများ မရှိတော့ဘဲ တပ်ပျက်နေသည့် အနေအထားဖြစ်ဟုဆို

4 months ago

ဖေဖော်ဝါရီ ၃
ရေးမြို့နယ်ရှိ ခမရ (၅၉၁) တပ်ရင်းကို သွားရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်ထဲတွင် စကစများမရှိတော့ဘဲ တပ်ပျက်နေသည့် အနေအထားဖြစ်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒေါနစစ်ကြောင်းနှင့် ရေးသိမ်းငှက်အဖွဲ့က ခမရ (၅၉၁) ဂိတ်‌ရှေ့တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး တပ်စခန်းအတွင်းသို့ ၄၀ မမဖြင့် ဦးစွာပစ်ထည့်ကာ စကစများ၏ ဂိတ်ရှေ့တွင် မိုင်းခွဲခဲ့သော်လည်း တပ်အတွင်းမှ တစ်ဦးမှ ထွက်လာခဲ့ခြင်းမရှိကြောင်း သိရသည်။
မြေပြင်သတင်းများအရ (၅၉၁) တပ်တွင်းတွင် စကစများ မရှိတော့ကြောင်းသိရှိရပြီး မိုင်းကွင်းများသာ တပ်စခန်းအတွင်းပြုလုပ်ထားကြောင်း၊ ၎င်းစကစများက ခမရ (၅၈၃) သို့ပြောင်းရွှေ့သွားပြီဖြစ်ကြောင်းလည်း သိရသည်။
“ခမရ ၅၉၁ က အင်အားမရှိတဲ့အပြင် ကျနော်တို့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက အမြဲတမ်း တိုက်ခိုက်မှု ရှိနေတဲ့အတွက် အနီးအနားမှာရှိတဲ့ ခမရ ၅၈၃ တပ်ကို သွားပေါင်းလိုက်တာပါ။ဒီတပ်ထဲမှာတော့ နေရာအနှံ့ မိုင်းတွေပဲ ရှိပါတယ်။ ၅၈၃ နဲ့ ၅၉၁ က ဆက်သွယ်ရေးလမ်းပဲ ရတော့တယ်” ဟု ဒေါနစစ်ကြောင်းမှ စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။
ခမရ (၅၉၁)တပ်ရင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်းကို မကြာမဏ ကြုံတွေ့ခဲ့ရကာ ယင်းသို့တိုက်ခိုက်ခြင်းများကြောင့် ထိခိုက်သေဆုံးများလည်း ရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။