ရေးမြို့နယ်ရှိ ခမရ ၅၈၈ နှင့် ခလရ ၁၀၆ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ‌စကစဗိုလ်ကြီးတစ်ဦး အပါအဝင် ၂၀ ကျော် သေဆုံး

5 months ago

ဇန်နဝါရီ ၂၂
ရေးမြို့နယ် ကြိုးတံတား စစ်ကောင်စီတပ်စခန်း စစ်ဆင်ရေးနှင့် တပြိုင်နက်တည်း ခမရ ၅၈၈ နှင့် ခလရ ၁၀၆ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ‌စကစဗိုလ်ကြီးတစ်ဦး အပါအဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၀ ရက် နံနက်က ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီ ကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်နှင့် တချိန်တည်း ယင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ခမရ ၅၈၈ မှ စ – ၂၀ ကျော်နှင့် ခလရ ၁၀၆ မှ ဗိုလ်ကြီး ကျော်မြင့်လွင် သေဆုံးခဲ့သည်ဟု သိရှိရကြောင်း ဖော်ပြထားသည်။
“ကြိုးတံတားစခန်းကို တိုက်တဲ့အချိန်မှာ ခမရ ၅၈၈ နဲ့ ခလရ ၁၀၆ ကို လက်နက်ကြီးတွေနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့တာပါ။ ၈၁ မမ၊ ၆၀ မမ တို့နဲ့ ပစ်ခတ်ခဲ့တာပါ။ ကျွန်တော်တို့ရရှိတဲ့ သတင်းတွေအရ ကြိုးတံတားဂိတ်မှာ ကိုးယောက်သေပြီး လေးယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ နောက်ပြီး ခလရ ၁၀၆ က ဗိုလ်ကြီး ကျော်မြင့်လွင်လည်း မွန်းလွဲ ၁ နာရီမှာ သေသွားတယ်လို့ သတင်းကြားရပါတယ်” ဟု ၎င်းစစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေး‌ဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးများအပြီး ယ‌မန်‌နေ့ ဇန်နဝါရီ ၂၁ ရက်ညက တိုက်ပွဲဖြစ်ပွားရာနေရာ အနီးရှိ တပ်ရင်းနှစ်ခုမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ပြည်သူများထံမှ သိရှိရသည်ဟု ဆိုသည်။
၎င်းစစ်ဆင်‌ရေးများကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နှင့် ရေးသိမ်းငှက်တပ်ဖွဲ့တို့မှ ပူးပေါင်းဖော်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ပုံစာ – စစ်ဆင်ရေးပုံရိပ်တချို့။
Photo – Dawna Column