ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေကုပ်နေရာယူထားသော နေရာနှစ်ခုအား ဝေဟင်မှ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်

7 months ago

“ထိခိုက်မှု အတိအကျ မသိရပေမယ့် သူတို့ ကင်းပုန်းချထားတဲ့ စခန်းနေရာကိုတော့ ဒရုန်းက တည့်တည့်ကျပါတယ်”
MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး
============
နိုဝင်ဘာ ၂၇
ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေကုပ်နေရာယူထားသော တောင်ချွန်ကြီးနှင့် ဝက်တောင် နှစ်နေရာအား YAFနှင့် မဟာမိတ်ပူးပေါင်းတပ်များက ဝေဟင်မှ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ထားသည်။
ရေးမြို့နယ် တောင်ဘက်ခြမ်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကင်းပုန်းဝပ် ခြေကုပ်နေရာယူထားသော တောင်ချွန်ကြီးနှင့် ဝက်တောင်တပ်စခန်းနှစ်ခုကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်နှင့် ၁၁:၃၀ နာရီ ဝန်းကျင်တို့၌ YAFနှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များမှ SF-Z လေယာဉ်များအသုံးပြုကာ (60mm)ပြင်းအားရှိ ဗုံးသီးများဖြင့် နှစ်ကြိမ်ခွဲ၍ စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၁၀ လပိုင်း ၂၀ ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အတော်လေး ကျခဲ့တဲ့အတွက် ကျွန်တော်တို့ လှုပ်ရှားခိုလှုံနေတဲ့ နေရာတွေမှာ သူတို့တွေ စစ်ကြောင်းတွေ ထိုးတယ်။ အဲဒီတချိန်တည်းမှာပဲ မြို့အပြင်ဘက်မှာ ကျွန်တော်တို့ ရေးမြို့ကို ဝင်တိုက်မယ်ဆိုရင် ခြုံခိုတိုက်ခိုက်ဖို့အတွက် ကင်းပုန်းတွေ ချထားတာတွေရှိတယ်။ အခု ဒရုန်းနဲ့ပစ်တာက သူတို့ စခန်းတော့ မဟုတ်ဘူးဗျ။ ကင်းပုန်းချပြီး စခန်းချထားတဲ့နေရာ။ အတော်လေး ကြာပြီ။ သူတို့ တိုက်ပွဲပြီးကတည်းက ကင်းပုန်းချထားတဲ့ နေရာပါ။ သေဆုံးထိခိုက်မှု အတိအကျကို ထုတ်ပြန်ချင်တာကြောင့် သတင်းထုတ်ပြန်တာလည်း နောက်ကျသွားတာပါ။ ဒီသတင်း မရလိုက်တာကြောင့် စောင့်ရင်း နောက်ဆုံးတော့ ထုတ်ပြန်လိုက်ရတာပါ။ ထိခိုက်မှု အတိအကျ မသိရပေမယ့် သူတို့ ကင်းပုန်းချထားတဲ့ စခန်းနေရာကိုတော့ ဒရုန်းက တည့်တည့်ကျပါတယ်။ ဒရုန်းတွေချပြီးတော့ ကျွန်တော်တို့ ထွက်ခွာလာပြီးမှ ရေးမှာရှိတဲ့ အမြောက်တပ်က ခြောက်လုံး၊ ခုနစ်လုံးလောက် ပစ်တယ်လို့ ပြည်သူတွေဆီက သိရပါတယ်။ ဒါပေမယ့် ထိခိုက်မှု တစုံတရာတော့ မရှိခဲ့ပါဘူး” ဟု MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက‌ ပြောသည်။
အဆိုပါ ပူးပေါင်းစစ်ဆင်ရေးအား YAF နှင့် Dawna Column, MSRF, YGF, ABSDF နှင့် တနင်္သာရီမှ TPLF တို့အတူ တိုက်ခိုက် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။