ရေးတံတားကြီးဂိတ်တွင် ဆက်ကြေးကောက်နေသော စကစလက်အောက်ခံများအား စနိုက်ဘာဖြင့် ပစ်ခတ်၊ ရဲတစ်ဦး သေဆုံး

5 months ago

ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ ရေးတံတားကြီးတွင် ပြည်သူများအပေါ် ဒုက္ခပေး၊ ဆက်ကြေးကောက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် စကစ တပ်သားများအာ ဒေါနစစ်ကြောင်း စနိုက်ပါတပ်စုက သွားရောက်ပစ်ခတ်ခဲ့ရာ ရဲတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။
အဆိုပါမစ်ရှင်ကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကာ ၎င်းဂိတ်တွင် အင်အား ပုံမှန်မရှိဘဲ အနည်းဆုံး ဆယ်ယောက်ခန့်အထိ ရှိတတ်ကြောင်း သိရသည်။
“မြို့ဘက်ခြမ်းရော တံတားဟိုဘက်ခြမ်းမှာရော ဂိတ်တွေထားထားတယ်။ အဲဒီဂိတ်က စကစတွေက ဆက်ကြေးကို မတန်တဆတောင်းတာ။ ဆိုင်ကယ် နှစ်ယောက်စီးတာမျိုးကအစ ပိုက်ဆံတောင်းတယ်။ မထင်ရင်မထင်သလို ပိုက်ဆံတောင်း၊ ပြည်သူတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုးတွေလည်း ရှိတယ်” ဟု ဒေါနစစ်ကြောင်း၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ရန်နိုင်က ပြောသည်။
သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်အလောင်းအား လူနာတင်ယာဥ် နှစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်းကိုလည်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရှိရသည်ဟု ဆိုသည်။