ရသေ့တောင် အခြေစိုက် စစ်ကောင်စီ တပ်ရင်း ၃ ခုကို နှစ်ပတ်ကြာ ထိုးစစ်ဆင်ပြီးနောက် AA သိမ်းပိုက်

3 months ago

စခန်းအတွင်း လောလောလတ်လတ် စစ်သင်တန်းပေးထားသော ဘင်္ဂလီအချို့၏ အလောင်းများပါ တွေ့ရဟုဆို
==========
မတ် ၁၈
ရခိုင်ပြည်၊ ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တပ်ရင်း ၃ ခုစလုံးအား မတ် ၁၇ ရက်၊ ညနေ ၄ နာရီခန့်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေပစ်ကူ အမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း ၃ ခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဤစခန်းများအတွင်းမှ စစ်ကောင်စီအင်အား နှစ်ရာခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး လောလောလတ်လတ် စစ်သင်တန်းပေးထားသော ဘင်္ဂလီအချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။
ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် အကြမ်းဖက်စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိပြီး စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူတို့၏ ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည်။