ရသေ့တောင် ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို နှစ်ရက်တာ ထိုးစစ်ဆင်ပြီး AA အပြီးသတ်သိမ်းပိုက်

4 months ago

ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း၊ အငူမော်-မောင်တော ကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက် နယ်ခြားစောင့်စခန်း”တစ်ခုလုံးကို ဒုတိယနေ့ဖြစ်သော ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် AA တပ်က အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နှင့် သံချောင်းကျေးရွာများသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက်“ခမရ (၅၃၇)”တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တချိန်တည်း၌ပင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အတူ ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာအနီး စစ်ကောင်စီ၏“ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (တစ်နည်း) နခခ (၇)”သည် လက်နက်ချအညံ့မခံသောကြောင့် AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ အဆိုပါစခန်းသည် စစ်ကောင်စီက နှစ်ရှည်လများအခြေချတပ်စွဲထားကာ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နှင့် မြို့ပေါ် ရပ်ကွက်များကို သိမ်တောင်ကုန်းဘုရားပေါ်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က ကျောက်ဖြူမြို့ထဲမှ အိမ်စီးကား သုံးစီးဖြင့် လာကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ဖြူမြိုနယ်၊ ဂုံးချွိန်ကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ လေးဦးအား လက်နက်အင်အားသုံးကာ မြို့ထဲဘက်သို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။
ပုံ‌ဟောင်း – AA တပ်ဖွဲ့ဝင်တချို့။