ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီ စခန်းတချို့ AA စတင်သိမ်းပိုက်၊ ကုန်းလမ်း၊ ရေလမ်း အားလုံးပိတ်ထား

7 months ago

နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ရသေ့တောင်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းနှစ်ခုအား ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကာ လက်ရှိတွင် ကုန်းလမ်း၊ ရေလမ်း အားလုံး ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။
“အခုက ကုန်းလမ်းတွေ အကုန်ပိတ်သွားပြီ။ တစ်မြို့နဲ့တစ်မြို့ သွားလာလို့မရတော့ဘူး။ ရေလမ်းကြောင်းတွေပါ ပိတ်လိုက်ပြီ။ ရသေ့တောင် ဒုံးပိုက်နယ်ခြားစောင့်စခန်းကို AA က သိမ်းလိုက်တယ်လို့ ကြားပါတယ်။ မင်းပြားဘက်မှာလည်း AA က စစ်ကားနှစ်စီးကို မိုင်းခွဲလိုက်တယ်လို့ သိရပါတယ်။ ပြီးတော့ မြောက်ဦးမြို့ပေါ်မှာလည်း သေနတ်နဲ့ပစ်လို့ လူနှစ်ယောက်ဒဏ်ရရာရပြီး တစ်ယောက်သေတယ်လို့ ကြားတယ်။ နာမည်၊ အသက်တော့ မသိရသေးဘူး”ဟု ဒေသခံ သတင်းအရင်းမြစ်တစ်ဦးက Spring of Burma Media သို့ ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအား နိုဝင်ဘာ ၁၃ ရက် နံနက်လင်းအားကြီးအချိန်တွင် စတင်ထိုးစစ်ဆင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကာ ရသေ့တောင်မြို့နယ်တွင်ရှိသည့် ဒုံးပိုက်စခန်းကို စတင်သိမ်းပိုက်ခဲ့ပြီး ထပ်မံ၍ ချိန်ခါလီစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ရခိုင်နှင့် ပြည်မအကြားဆက်သွယ်ထားသည့် ကားလမ်းများဖြစ်သော ဂွ- ငသိုင်းချောင်းလမ်း၊ တောင်ကုတ်- ပန်းတောင်း (ပြည်) ကားလမ်း၊ အမ်းနှင့် မင်းဘူးကားလမ်းများကို ယနေ့နံနက်မှ စ၍ စစ်ကောင်စီဘက်မှ ပိတ်ထားခြင်းဖြစ်ကြောင်း ရခိုင်မီဒီယာအချို့တွင် ဖော်ပြချက်အရ သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် ပူးပေါင်းတပ်အင်အားများဖြင့် နိုင်ငံနေရာအနှံ့ တပြိုင်နက် ထိုးစစ်ဆင်နေကာ အကြမ်းဖက်စစ်ကောင်စီ နယ်မြေစိုးမိုးမှုယူထားသော မြို့များ ၊ အထိုင်ချ တပ်စခန်းများအား ဆက်တိုက်သိမ်းယူနေကြောင်းနှင့် ရခိုင်ပြည်နယ်တွင်လည်း ယခု နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ တိုက်ပွဲများဖော်ဆောင်ကာ စခန်းများ စတင်သိမ်းလာခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၃ ရက်မှာပင် ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်းလည်းသိရသည်။
Photo – CJ (ပုံဟောင်း)