ရခိုင်နှင့် မကွေးဒေသ လေးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၃ ဦး သေဆုံးဟု AA အသိပေး ဘူးသီးတောင်၊ တောင်ဘဇာစခန်းအား AA သိမ်းပိုက်

3 months ago

မတ် ၂၉
မတ် ၂၅ ရက်မှ ၂၈ ရက်နေ့အတွင်း AA တပ်နှင့် စစ်ကောင်စီတပ်တို့ ရခိုင်ပြည် ဒေသအချို့နှင့် မကွေးတိုင်း ငဖဲမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၃ ဦး သေဆုံးခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။
မတ် ၂၅ ရက်နေ့၊ နံနက် ၁၁:၃၆ နာရီတွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၏ တောင်ဘက် ၄ ကီလိုမီတာခန့်အကွာ ဘူးသီးတောင် မောင်တောကျော်လမ်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ (၂၃၄) တပ်ရင်းမှ အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းနှင့် AA တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စကစဘက်မှ မျက်မြင် ၈ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ရခိုင်ဒေသအတွင်း၌ လက်နက်ချအညံ့ခံရန် ဆိုထားသော်လည်း ယခုအချိန်အထိ လက်နက်ချ အညံ့မခံသေးသော ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ ရခိုင်ဒေသဌာနချုပ် (တနည်း) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့် အကွာတွင် AA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ် ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆) နှင့် တခြားတပ်များမှ စုပေါင်းထားသော စစ်ကြောင်းနှင့် AA တပ်တို့သည် မတ် ၂၆ ရက်နေ့၊ နံနက် ၁၀:၁၈ နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲအတွင်း ယင်းတို့ဘက်မှ ၁၅ ဦးခန့် သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် AA တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစ ၁၀ ဦး မျက်မြင်သေဆုံးခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၆ ရက်နေ့၊ နံနက် ၁၀:၄၈ နာရီတွင် ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား ၄၀ ခန့်ပါစစ်ကြောင်းနှင့် AA တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ မျက်မြင် ၄ ဦး သေဆုံးကာ ၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ် ၂၈ ရက်နေ့၊ နံနက် ၈:၅၈ နာရီတွင်လည်း ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက် မီတာ ၇၀၀ ခန့်အကွာ တောင်ကြော၌ အင်အား ၅၀ ဦးခန့်ပါ စကစ စစ်ကြောင်းနှင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ မျက်မြင် ၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့် ရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း လက်နက်နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
May be an image of map, road and text
အလားတူ မတ် ၂၈ ရက်နေ့၊ နံနက် ၈:၄၅ နာရီတွင် မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၄၀၀) ခန့်အကွာ တောင်ကြော၌ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၃) နည်းဗျူဟာစစ်ဆင်ရီးကွပ်ကဲမှုလက်အောက်ခံ၊ ခမရ (၅၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင်လည်း ရခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ထိုးစစ်အရှိန်ကို တဆင့်ပြီးတဆင့် မြှင့်ကာ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားနှင့် မရပ်မနားအသည်းအသန် ခုခံလျက်ရှိသည်ဟု ဖော်ပြထားသည်။