ရခိုင်နှင့် ချင်း ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးလာသည့် စကစ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၅ ဦးကို ပလက်ဝတွင် ဖမ်းဆီးရမိ

5 months ago

နိုင်ငံတကာစစ်ဘက်ဆိုင်ရာဥ‌ပဒေအတိုင်း ဆက်လက်စီမံသွားမည်
======
ဖေ‌ဖော်ဝါရီ ၂
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်တို့မှ ထွက်ပြေးလာသည့် ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကို ပလက်ဝမြို့နယ်အတွင်း ဖမ်းဆီးရမိထားပြီး ၎င်းတို့အား နိုင်ငံတကာစစ်ဘက်ဆိုင်ရာဥ‌ပဒေအတိုင်း ဆက်လက်စီမံသွားမည်ဖြစ်ကြောင်း CDF – Daai မှ အထွေအထွေအတွင်းရေးမှူး ဆလိုင်းအိုက်ဘက်စ်က ပြောသည်။
စစ်ကောင်စီတပ်၏ တပ်မ ၁၁ – ခမရ၂၁၇၊ ခမရ ၃၇၆၊ ခမရ ၅၃၈၊ ခမရ ၂၂၀၊ ခမရ ၂၁၉၊ ခမရ ၃၈ ၊ ခမရ ၅၈၇ နှင့် ခမရ ၉၀၈ တို့မှ ထွက်ပြေးလာသော အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဗိုလ်ကြီး တစ်ဦး၊ ဗိုလ် တစ်ဦး၊ ထောက်လှမ်းရေးအရာရှိ တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးတို့ဖြစ်ကာ ဇန်နဝါရီ ၃၀ ရက်နေ့တွင် CDF – Daai တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နေရာတချို့ကနေ ထွက်ပြေးလာတယ်လို့ သိရတယ်။ လက်နက်ခဲယမ်းတွေတော့ ယူဆောင်လာခြင်း မရှိပါဘူးခင်ဗျ။ လက်ရှိမှာ သူတို့ထဲက ပြင်းထန်ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်။ လိုအပ်တဲ့ အစားအသောက်တွေကိုလည်း စီမံပေးထားတယ်။ လက်ရှ်ိ ကျွန်တော်တို့ တပ်ဖွဲ့က သူတို့ကို ထိန်းသိမ်းထားတဲ့ အခြေအနေပါ” ဟု ဆလိုင်းအိုက်ဘက်စ်က ပြောသည်။
ဖမ်းဆီးရမိသော အကြမ်းဖက် စစ်ကောင်စီတပ်သားများထဲမှ ပြင်းထန်ဒဏ်ရာရထားသူ သုံးဦးနှင့် သာမန်ဒဏ်ရာရသူ နှစ်ဦးတို့အား CDF – Daai မှ ဆေးကုသပေးလျက်ရှိနေသည်ဟု ဆိုသည်။
CDF – Daai အနေဖြင့် ဒိုင်ရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ရေကြောင်းဖြင့် သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်လည်း အသိပေး ထုတ်ပြန်ထားသည်။