ရခိုင်တွင် အပစ်အခတ် ရပ်စဲရေး စစ်ကောင်စီနှင့် ဆွေးနွေးထားမှုမရှိဟု AA ဒုစစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား

4 months ago

မတ် ၄
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် စစ်ကောင်စီနှင့် မည်သည့် ဆွေးနွေးမှုမှ မရှိကြောင်း AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။
ဟိုက်ဂင်သဘောတူညီချက် နောက်ဆက်တွဲအဖြစ် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့၏ ယခုလဆန်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးသဘောတူညီခဲ့ခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ မတ် ၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အခုအစည်းအဝေးတိုင်းက ဟိုင်ဂင်ရဲ့ အရင်သဘောတူညီချက်တွေကို ဆက်လက်ဆွေးနွေးနေပါတယ်။ အထူးသဖြင့်တော့ တရုတ် – မြန်မာနယ်စပ်နဲ့ ပတ်သက်တဲ့ ကိစ္စရယ်၊ ကျားဖြန့်လုပ်ငန်းကိစ္စတွေရယ်၊ နောက်ပြီး နယ်စပ်ဒေသထွက်ပေါက်တွေကို ဘယ်လိုပုံစံလုပ်ရမလဲ၊ ဒါတွေ ပါပါတယ်။ အခု ကျွန်တော်တို့ ဟိုက်ဂင်ကိစ္စကိုပဲ ဆွေးနွေးတယ်ဆိုတော့ ဟိုက်ဂင်ထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AA နဲ့ပဲ သက်ဆိုင်နေတယ်။ ရခိုင် ဒီဘက်မှာရှိတဲ့ AA နဲ့ မပတ်သက်ဘူးဗျ” ဟု ၎င်းက ဆိုသည်။
ဟိုက်ဂင်သဘောတူညီချက်များသည် ပြင်ပသို့ ထုတ်မပြောရန် သဘောတူညီထားကြောင်း၊ သို့ရာတွင် သဘောတူညီချက်များသည် Open Secret ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်၏ အပစ်အခတ်ရပ်စဲရေး မည်သည့်ဆွေးနွေးမှုမှ မရှိကြောင်း ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဆက်လက်ပြောကြားခဲ့သည်။