မြောက်ဦး အခြေစိုက် ခမရ (၃၇၈) တပ်ရင်းတွင် ဖမ်းဆီးထားသော သတင်းထောက် ကိုဖိုးသီဟ အပါအဝင် ခုနစ်ဦးကို အချုပ်ခန်းထဲမှ ခေါ်ထုတ် ပစ်သတ်ကာ မြေမြှုပ်ခဲ့ကြောင်း ကျူးလွန်ခဲ့သူအချို့ ဝန်ခံထွက်ဆို

3 months ago

ဖေဖော်ဝါရီ ၂၉
ရခိုင်ပြည်နယ် မြောက်ဦးမြို့အခြေစိုက် ခမရ (၃၇၈) တပ်ရင်းတွင် ဖမ်းဆီးထားသော သတင်းထောက် ကိုဖိုးသီဟ အပါအဝင် ခုနစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလက အချုပ်ခန်းထဲမှ ခေါ်ထုတ်ပြီး ပစ်သတ်ကာ မြေမြှုပ်ခဲ့ကြောင်း ကိုယ်တိုင်အမိန့်ပေးခဲ့သည့် စစ်ကောင်စီတပ်၏ ဗိုလ်မှူး သိန်းထိုက်စိုးနှင့် ကိုယ်တိုင်ပါဝင်သတ်ဖြတ်ခဲ့သည့် ဗိုလ်ကြီး အာကာမြင့်တို့ ဝန်ခံထားထွက်ဆိုထားသော ရုပ်သံဖိုင်တချို့ကို AA က ယနေ့တွင် ထုတ်ပြန်ထားသည်။
“ကျွန်တော်က ခမရ (၃၇၈)တပ်ရင်းမှာ ဌာနချုပ် တပ်ခွဲမှူးတာဝန်ထမ်းဆောင်ပါတယ်။ မြောက်ဦးခရိုင်ရဲစခန်းမှာ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျွန်တော်တို့ ခမရ (၃၇၈)တပ်ရင်းကို ရောက်လာတဲ့အချိန် ဖိုးလပြည့် အပါအဝင် အချုပ်သား ခုနစ်ဦးကို တပ်ရင်းမှာ ထိန်းသိမ်းထားရှိပြီး ၂၀၂၄ ခုနှစ် တစ်လပိုင်း ၂၃ ရက်နေ့မှာ ကျွန်တော်တို့ ခမရ (၃၇၇)တပ်မှာ ကျွန်တော် ဆေးကုသမှု ခံယူနေတဲ့အချိန် ဒုတပ်ကြပ် သန်းအောင်နဲ့ အဖွဲ့အား တပ်ရင်းဗိုလ်ကြီး အာကာမြင့်ထံ သတင်းပို့ပြီး အချုပ်သား ခုနစ်ဦးကို ရှင်းလင်းဖို့ ညွှန်ကြားချက် ပေးခဲ့ပါတယ်” ဟု ဗိုလ်မှူး သိန်းထိုက်စိုးက ပြောသည်။
ယင်းနေ့ နံနက်တွင် ခရိုင် ရဲမှူးကြီး ခင်မောင်စိုး ရောက်ရှိလာပြီး အချုပ်သား ခုနစ်ဦးအား ရှင်းလင်းသည့်ကိစ္စကို ဆွေးနွေးခဲ့ကြကာ ၎င်းတို့နှစ်ဦးမှာ တပ်မမှူး မင်းမင်းထွန်းထံ သွားရောက်ခဲ့ပြီး အချုပ်သား ခုနစ်ဦးမှာ ဗုံးစထိမှန် သေဆုံးခဲ့ပြီဟု သတင်းပို့တင်ပြခဲ့ကြောင်းလည်း ဗိုလ်မှူး သိန်းထိုက်စိုးက ဆိုသည်။
“ခမရ (၃၇၈)တပ်ရင်း ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုး ဒဏ်ရာရတဲ့အချိန် ဒုတပ်ကြပ် သန်းအောင်နဲ့ မှီခိုသူ မောင်မောင်ဆီကနေတစ်ဆင့် ကျွန်တော့်ဆီကို အမိန့်တစ်ခု ရောက်လာပါတယ်။ ခရိုင်ရဲတပ်ဖွဲ့ရုံးကနေ ပြောင်းရွှေ့ထားတဲ့ ဖိုးလပြည့် အပါအဝင် အချုပ်သားခုနစ်ဦးကို သတ်ပစ်လိုက်ပါဆိုတဲ့ အမိန့်ပဲဖြစ်ပါတယ်။ ကျွန်တော်လည်း ခရိုင်ရဲမှူးကြီး ခင်မောင်စိုးကို တင်ပြခဲ့ပါတယ်။ သူက ဆောင်ရွက်လိုက်ပါ၊ ပြီးမှ ကြည့်ရှင်းပါမယ် ပြောပါတယ်။ အဲဒီတော့ အချုပ်ခန်းထဲက သူတို့ခုနစ်ဦးကို မျက်လုံးကို ပဝါနဲ့စည်း၊ လက်ထိပ်ခတ်ပြီး ဆေးခန်းဘက်ကို ဒုတပ်ကြပ် သန်းအောင်တို့က ခေါ်သွားပါတယ်။ အဲဒီနေရာမှာပဲ သေနတ်နဲ့ပစ်သတ်ပြီး မြေမြှုပ်လိုက်တာပါ”ဟု ကိုယ်တိုင်ပါဝင် သတ်ဖြတ်ခဲ့သည့် ဗိုလ်ကြီး အာကာမြင့်ကလည်း ဝန်ခံထွက်ဆိုထားသည်။
သတင်းထောက် ကိုဖိုးသီဟနှင့် ကိုဖိုးလပြည့် (ခေါ်) ကိုကျော်ဇံဝေ တို့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ဖမ်းဆီးထားခဲ့ခြင်းဖြစ်ပြီး ကျန်သည့်အရပ်သား ငါးဦးကိုလည်း AA တပ်နှင့် ဆက်စပ်သည်ဟု ဆိုကာ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့ရုံး အချုပ်ထောင်၌ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် AA က တိုက်ခိုက်လာခဲ့သည့်အချိန်၌ ၎င်းတို့ကို ခမရ (၃၇၈) တပ်ရင်းထဲသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။