မြိတ်အကျဉ်းထောင်မှ နိုင်ကျဉ်းများ အပါအဝင် အကျဉ်းသား ၁၅၀ ကော့သောင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရ ယခုလအတွင်း ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၃၅၀ ရှိပြီဖြစ်

4 months ago

ဖေဖော်ဝါရီ ၂၈
မြိတ်အကျဉ်းထောင်မှ နိုင်ကျဉ်းများ အပါအဝင် အကျဉ်းသား ၁၅၀ အား ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၃ နာရီမှစ၍ ကော့သောင်းအကျဉ်းထောင်သို့ သင်္ဘောဖြင့် ခေါ်ဆောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ထုတ်ပြန်ထားသည်။
ယခု ထောင်ပြောင်းရွှေ့မှုတွင် အကျဉ်းသား ၁၀၀ နှင့် အကျဉ်းသူ ၅၀ တို့ ပါဝင်ပြီး ယနေ့ ထောင်ပြောင်းရွှေ့မှုသည် ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ် ထောင်ပြောင်းရွှေ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ၁၄ ရက်နေ့ကလည်း အကျဉ်းသား ၂၀၀ ကို နှစ်သုတ်ခွဲ၍ ပြောင်းရွှေ့ခဲ့သေးကြောင်း သိရသည်။
“ကျွန်တော်တို့ အရင်ကတော့ ဒီလောက်အထိ အရေအတွက်များများနဲ့ ထောင်ပြောင်းရွှေ့တာမျိုး မတွေ့ဖူးဘူးဗျ။ ထောင်တော်တော်များများကတော့ ထောင်ရွှေ့လေ့ရှိတယ်။ အဓိကကတော့ မိသားစုတွေနဲ့ အဝေးဆုံးနေရာတွေကို ပို့လိုက်ခြင်းအားဖြင့် အကျဉ်းသားတွေကလည်း ငြိမ်သလို မိသားစုဝင်တွေအနေနဲ့လည်း သူ့ရဲ့သားသမီးအရေး အာရုံစိုက်နေရတာနဲ့ပဲ နိုင်ငံရေးဘက်ကို မလှည့်နိုင်ဘူးပေါ့နော်။ ဒီရည်ရွယ်ချက်တွေနဲ့ပဲ ခေတ်အဆက်ဆက်မှာ ထောင်ပြောင်းရွှေ့တာတွေ လုပ်ကြတာ ဖြစ်ပါတယ်” ဟု PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ထောင်ပြောင်းရွှေ့မှုတွင် မြိတ်အကျဉ်းထောင်မှ နှစ်ကြီးချခံထားရသည့် နိုင်ငံရေးအကျဉ်းသားအများစုနှင့် အခြားပုဒ်မ အနည်းစုကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ လူဦးရေ များနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေ့တာပဲ။ နောက်တခုက သူတို့အနေနဲ့ လုံခြုံရေးအရလည်း မပေးနိုင်တာ ပါမယ်။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ များလာတယ်။ အကျဉ်းသားတွေ ညီညွတ်နေတာမျိုးကို သူတို့မလိုချင်ဘူးပေါ့နော်။ ဒါကြောင့်မို့လည်း ထောင်ပြောင်းရွှေ့တယ်လို့လည်း မြင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ ထောင်ပြောင်းရွှေ့မှုများအား သက်ဆိုင်ရာ မိသားစုဝင်များ သိရှိကြစေရန်အတွက် ယခုကဲ့သို့ အသိပေး ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။