မြင်းခြံအကျဉ်းထောင်တွင် နှစ်ပွင့် အရာရှိ ဒေါ်ဇင်မာဦးက နိုင်ငံရေးအကျဉ်းသူများအား ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ဖိနှိပ်မှုများ ပြုလုပ်နေ

4 months ago

ဖေဖော်ဝါရီ ၁၁
မြင်းခြံဗဟိုအကျဉ်းထောင်တွင် နှစ်ပွင့် အရာရှိဝန်ထမ်း ဒေါ်ဇင်မာဦးက နိုင်ငံရေးအကျဉ်းသူများအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ ပြုလုပ်‌နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်ဇင်မာဦးသည် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ် ရဲဘက်စခန်းမှ မြင်းခြံအကျဥ်းထောင်သို့ အပြောင်းအရွှေ့ဖြင့် ရောက်ရှိလာသည့် အသက် ၃၁ နှစ်အရွယ် အရာရှိဝန်ထမ်းဖြစ်ကာ နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးအချင်းချင်းပင် နားထောင်ရန် အဆင်မပြေသည့် အောက်လုံးများ အသုံးပြု၍ နေ့စဉ်ဆဲဆို ကြိမ်းမောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
၎င်း၏ ညွန်ကြားချက်ဖြင့် တစ်ပွင့်အရာရှိ ဒေါ်မေစိုးအေးနှင့် တပ်ကြပ် ဒေါ်နုနုမာတို့သည်လည်း နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများအားလုံးကို ထောင်မှ ခိုင်းသည့် အလုပ်များ မဖြစ်မနေ လုပ်ကြရမည်ဟုဆိုကာ အသက်အရွယ် ကြီးမြင့်သည့် အသက် ခြောက်ဆယ်အရွယ် အ‌မေအိုများကိုပင် မချန်ဘဲ အလုပ်ကြမ်း ခိုင်းစေမှုများရှိနေကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများသည် တောင်ယာစိုက်ခင်းများ၌ အလုပ်လုပ်ရခြင်း၊ ချည်ထိုးရခြင်း၊ ထောင်အာဏာပိုင်များ စီးပွားဖြစ်လုပ်ကိုင်နေသည့် အကျဉ်းထောင်တွင်း ကွမ်းယာရောင်းသည့် လုပ်ငန်းအတွက် နံနက် ၇ နာရီ တန်းဖွင့်ချိန် မတိုင်မီ ၅:၁၅ နာရီကတည်းက အိပ်ယာထရ၍ အကျဉ်းသားများ၏ အိပ်ချိန်၌ပင် မနားရဘဲ ကွမ်းယာထုပ်များကို သတ်မှတ်အရေအတွက် ပြည့်မီအောင် ယာပေးရခြင်း၊ အချို့နိုင်ကျဉ်းများကို (ညပိုင်းလုံခြုံရေး) ဘာယာစောင့်ခိုင်းခြင်းနှင့် ထမင်းပုံးထမ်းရခြင်းများ စေခိုင်းနေကြောင်း သိရသည်။
“အဓိကကတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးမှာ ရှုံးနိမ့်လာတဲ့အတွက် အကျဉ်းထောင်တွေမှာ ပိုပြီး ဖိနှိပ်လာတာမျိုးကို မြင်ရတယ်။ တဖက်ကလည်း ပြည်သူတွေက အကျဉ်းထောင်တွေကို ခဏမေ့ပြီး တိုက်ပွဲတွေကိုပဲ အာရုံစိုက်တယ်ဆိုတဲ့ သူတို့ရဲ့ စိတ်ခံစားချက်တွေ၊ ပြည်သူတွေ စိတ်ဝင်စားမှု မရှိပါဘူးဆိုတဲ့ သူတို့ရဲ့ အတွေးအခေါ်အယူအဆ အမှားတွေနဲ့ အကျဉ်းထောင်တွေကို ဖိနှိပ်မှုတွေ ပိုလုပ်လာတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ ကျူးလွန်နေသူတွေရဲ့ ဘိုင်အိုဂရပ်ဖီနောက်ကြောင်းတွေကို အသေးစိတ် လိုက်နေတယ်။ တချို့အချက်အလက်တွေကို ကျွန်တော်တို့ မထုတ်ပြန်ထားဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ဘယ်လောက်အထိ လိုက်ထားတယ်ဆိုတာကိုတော့ ဒီပြစ်မှုတွေ ကျူးလွန်ထားသူတွေအားလုံးကို သိစေချင်ပါတယ်။ မြင်းခြံထောင်မှ မဟုတ်ဘူး။ တနိုင်ငံလုံးမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ တခြားအကျဉ်းသားတွေအားလုံး ရရှိသင့်တဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ ထောင်အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးဆောင်ရွက်ဖို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ကျန်းမာရေးစောင့်‌ရှောက်မှု ညံ့ဖျင်းလှသည့် မြင်းခြံအကျဉ်းထောင်ရှိ သောက်သုံးရေများတွင် ခဲဓာတ် ပါဝင်မှုများခြင်း၊ ချိုးရေ မလုံလောက်ခြင်းများကြောင့် အကျဉ်းသား၊ အကျဉ်းသူအားလုံး ဝမ်းရောဂါနှင့် ပွေးဝဲရောဂါများလည်း ဖြစ်ပွားလျှက်ရှိသည်ဟု ဆိုသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသူများနှင့် အခြားရာဇဝတ်အကျဉ်းသူများအကြား သွေးခွဲခြင်း၊ ရန်တိုက်ပေးခြင်းများကို ထောင်ဝန်ထမ်းအရာရှိအမျိုးသမီးများမှ ပြုလုပ်နေပြီး အဆိုပါ ဝန်ထမ်းအမျိုးသမီးများကိုယ်တိုင်ပင် အကျဉ်းသူများကို တုတ်ကိုင်၍ ရိုက်နှက်မည်ဟု အမြဲတစေ ခြိမ်းခြောက်လျှက်ရှိနေကြောင်းလည်း သိရသည်။
လက်ရှိမြင်းခြံအကျဉ်းထောင်တွင် ရောင်းချနေသည့် ကုန်ပစ္စည်းနှင့် အစားအသောက် ဈေးနှုန်းများမှာ မတန်တဆ ဈေးများဖြစ်နေသော်လည်း အကျဉ်းထောင်တွင်း ကျွေးမွေးမှုများမှာ အင်မတန်ညံ့ဖျင်းသဖြင့် ထောင်တွင်းဈေးဘားကိုပင် မတန်တဆပေး၍ ဝယ်ယူစားသောက်နေကြကြောင်း သိရသည်။
May be an image of temple, monument and text
မြင်းခြံအကျဉ်းထောင်သည် ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု စသည့်နာမည်ဆိုးတို့ဖြင့် ကျော်ကြားခဲ့သည့်‌ထောင်ဖြစ်ကာ ၂၀၂၁ ခုနှစ် အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းလိုက်ချိန်တွင်လည်း နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှု၊ အလုပ်ကြမ်းခိုင်းစေမှု၊ ထောင်အာဏာပိုင်များ၏ လိုအပ်ချက်များကို ထောက်ပြလေ့ရှိသည့် နိုင်ငံရေးအကျဉ်းသားများကို သီးသန့်ခေါ်ထုတ်၍ ရိုက်နက်မှုနှင့် ၂၀၂၃ ခုနှစ် မေလအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးအား မြင်းခြံ ခမရ(၁၅)တပ်ထဲသို့ ဥပဒေမဲ့ ခေါ်ဆောင်ပြီး စစ်ကြောရေးစခန်း၌ နိုင်ငံရေးအကျဉ်းသားများကို လူမဆန်စွာ ဓားဖြင့်မွှမ်းခြင်း၊ ရှော့တိုက်ခြင်း၊ သံတုတ်များဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် နာမည်ဆိုးနှင့် တဖန်‌ ကျော်ကြားလာခဲ့ကာ လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ထောင်ထဲတွင် စတုတ္ထနေရာ၌ ရှိနေကြောင်းလည်း ဖော်ပြထားသည်။
ပုံစာ – မြင်းခြံအကျဉ်းထောင်တွင်းမှ ဖိနှိပ်မှုများနှင့် ပတ်သက်ပြီး PPNM ထံ ပေးပို့လာသော စာ။