မော်လမြိုင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အတွင်း နှစ်ပတ်လည်ပွဲ ကျင်းပနေရာသို့ Suicide ဒရုန်းများဖြင့် တိုက်ခိုက်

7 months ago

စကစ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အပါအဝင် အများအပြား ထိခိုက်၊ သေဆုံးသူများလည်းရှိ
=============
နိုဝင်ဘာ ၁၆
မော်လမြိုင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များက Suicide ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး၊ ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် အများအပြား ဒဏ်ရာရခဲ့ပြီး ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Alpha Bats တပ်ခွဲမှ သိရသည်။
“ရတခကို ကျွန်တော်တို့အဖွဲ့နဲ့ ERO က KNDO တပ်ရင်း ၆ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ” ဟု Shar Htoo Waw နည်းပညာတပ်ဖွဲ့လက်အောက်ရှိ Alpha Bats တပ်ခွဲမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုများအား နိုဝင်ဘာ ၁၆ ရက်၊ညနေ ၅ နာရီခွဲတွင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကာ Alpha Bats တပ်ခွဲမှ Fix wing Kamikaze Drone နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုမှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အတွင်း တိုင်းခန်းမလျှောက်လမ်းနှင့် ယာဉ်ရပ်နားဝင်းသို့ လေကွဲစနစ်ဖြင့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအား အကြမ်းဖက်စစ်ကောင်စီဘက်မှ ဖုံးကွယ်ထားကြောင်းနှင့် တပ်တွင်း အရင်းအမြစ်များမှ ထပ်မံထွက်ပေါ်လာသော သတင်းများအရ ခလရ ၁၉ ဒုဗိုလ်မှူးကြီး ဒဏ်ရာရ (မစိုးရိမ်ရ)၊ ခမရ ၃၄၁ တသ ဟိန်းလွင်စိုး ဧည့်ခံရေး (သေဆုံး)၊ စအရခွဲ ၂/၉၁၈ ဒုအရာခံဗိုလ် ဝင်းထိန် (သေဆုံး)၊ ခမရ ၅၅၇ ဒုဗိုလ်မှူးကြီး ခန့်နောင် ဒဏ်ရာပြင်း (စိုးရိမ်ရ)၊ နဗဟ ၂ ဗိုလ်မှူးကြီး ဇော်လင်းထွန်း ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ)၊ ခမရ ၅၅၆ ဒုဗိုလ်မှူးကြီး ဝင်းနောင်ထွန်း ဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့ကြောင်းနှင့် ထိခိုက်သူများတွင် အကြမ်းဖက်စစ်ကောင်စီအရာရှိများနှင့် အရာရှိကတော်များလည်း ပါဝင်ကြောင်း Alpha Bats တပ်ခွဲမှ သိရသည်။