မူဆယ်မြို့နယ်မှ ကချင်လူငယ်နှစ်ဦးအား အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်

11 months ago

ဩဂုတ် ၁
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး‌ခေါ်ဆောင်သွားသော ကချင်လူငယ် အမျိုးသားနှစ်ဦး မီးရှို့သတ်ဖြတ်ခံထားရသည်ကို ဆန်လုံကျေးရွာအနီး မန္တလေး – မူဆယ်ကားလမ်းမကြီးအရှ့ဘက် သုံးမိုင်ခန့်အကွာတွင် ဇူလိုင် ၃၁ ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရသည်။
“သတင်းက ဆုံးသွားတာ မှန်သွားပြီ။ လက်တွေ့ကို သွားရှာတွေ့ထားတာ။ စစ်တပ်က ဖျောက်ထားတဲ့နေရာတွေ၊ ဖိနပ်တွေ အင်္ကျီတွေ မြှုပ်ထားတာတွေ့တယ်။ ညီလေးနဲ့ သူ့သူငယ်ချင်းကို မီးရှို့လိုက်ကြတယ်။ အဝတ်တွေကိုလည်း အလောင်းမြှုပ်ထားတဲ့ ဘေးမှာပဲတွေ့ခဲ့တာပါ။ လိုင်းပေါ်မှာ စစ်တပ်က သတ်ထားနိုင်တယ်ဆိုပြီး ပုံတွေတက်တယ်လေ။ အဲဒီနေရာတွေမှာ ပတ်ရှာခဲ့ပြီး တွေ့တာပါ။ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းခဲ့တာ” ဟု သတ်ဖြတ်ခံရသူတစ်ဦး၏ အစ်ကိုဖြစ်သူက Spring Of Burma Media သို့ ပြောသည်။
သတ်ဖြတ်ခံရသော အမျိုးသားနှစ်ဦးသည် အသက် နှစ်ဆယ်ကျော်အရွယ် ကိုဂင်ရော်တူးဂျာနှင့် ကိုရှန်းထင်းလလာတို့ဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မူဆယ်မြို့မှ ဈေးဝယ်ပြီး ဒီးမားကျေးရွာသို့ ပြန်လာချိန် လမ်းတဝက်တွင် ၎င်းတို့၏ Prado ကားအဖြူနှင့်အတူ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ Prado ကားအဖြူကိုလည်း စစ်တပ်က ယူဆောင်ထားကြောင်း သိရသည်။
ဖမ်းဆီးခံရပြီးနောက် ခုနစ်ရက်ခန့်အကြာတွင် အဆိုပါအမျိုးသားများအား မီးရှို့သတ်ဖြတ်ကာ မြှုပ်နှံထားသည့် အလောင်းပြာကို တွေ့ရှိခဲ့ပြီး ဩဂုတ် ၁ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။
ယင်းအပြင် အကြမ်းဖက်စစ်တပ်ဝါဒဖြန့် လော်ဘီသတင်းချန်နယ်များတွင် ရှမ်းမြောက်မှ TNLA တပ်သားအလောင်းများအဖြစ် စစ်ဝတ်စုံဝတ်ဆင်ကာ ဖော်ပြထားသော သတင်းဓာတ်ပုံမှာ အဆိုပါ သတ်ဖြတ်ခံရသော ကချင်လူငယ်နှစ်ဦးနှင့် ရုပ်ချင်းဆင်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးအိုက်လော၏ ရုပ်အလောင်းကိုလည်း မိသားစုများထံမှ အကြမ်းဖက်စစ်တပ်က လုယက်ယူဆောင်သွားကာ TNLA စစ်ဝတ်စုံဝတ်ဆင်စေပြီး တောတွင်းတစ်နေရာတွင် ပစ်ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သွင်သစ်