မုံရွာ အမှတ်(၁)ရဲစခန်းအတွင်း တစ်နှစ်ကြာသည်အထိ အမှုမဖွင့်၊ တရားရုံးမပို့ဘဲ ဥပဒေမဲ့ ချုပ်နှောင်ခံထားရသူ အကျဉ်းသား ၂၀၀ ခန့်ရှိနေ

4 months ago

ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ်(၁)ရဲစခန်းအတွင်း တစ်နှစ်ကြာသည်အထိ အမှုမဖွင့်၊ တရားရုံးမပို့ဘဲ ဥပဒေမဲ့ ချုပ်နှောင်ခံထားရသူ အကျဉ်းသား ၂၀၀ ခန့်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားသည်။
အဆိုပါ အမှတ်(၁)ရဲစခန်းရှိ အချုပ်ခန်းများတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၀၀ နှင့် အခြားရာဇဝတ်မှုဖြင့် စွဲဆိုခံထားရ‌သော အကျဉ်းသား၊ အကျဉ်းသူ ၁၅၀ ခန့် ရှိနေကြောင်း၊ အချုပ်ခန်း သုံးခန်းအတွင်း ချုပ်နှောင်ခံထားရသည့်သူများတွင် အသက်မပြည့်‌သေးသည့် ကလေးသူငယ် ၂၀ ဦးလည်း ပါဝင်ကြောင်း သိရသည်။
အမှတ်(၁)ရဲစခန်းအတွင်း အကျဉ်းချခံထားရသူများမှာ အကျဉ်းထောင်များထက် ပို၍ ဆိုးဝါးသည့် လူ့အခွင့်အရေးများ ချိုးဖောက်ခံနေကြရပြီး လူ့အခွင့်အရေး၏ အခြေခံအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ပိုင်ခွင့်နှင့် ညှဉ်းပမ်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်များပင် အာမခံချက်မရှိဘဲ စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရဲရဲ့ တာဝန်က သူတို့ သံသယဖြစ်လို့ ဖမ်းသည်ပဲ ဖြစ်စေ၊ ဖမ်းပြီးသွားပြီဆိုရင်တော့ ၂၄ နာရီ၊ တခါတခါကျရင် ၄၈ နာရီထက် နောက်မကျဘဲနဲ့ အမှုဖွင့်ရတယ်။ တရားရုံးတင်ရမယ်။ သက်ဆိုင်ရာ အကျဉ်းထောင်ကို ပို့ရမယ်။ သို့သော်လည်းပဲ လက်ရှိမှာတော့ အချုပ်ခန်းထဲမှာ အမှုလည်း ရင်ဆိုင်လို့ မရ၊ ဘာမှန်းလည်း မသိရဘဲနဲ့ နေနေရတယ်။ ပြီးရင် မကြာမကြာ ခေါ်စစ်ခံနေရတာတွေက အခုနောက်ပိုင်းမှာ တော်တော်လေး ဆိုးဝါးလာတာတွေ တွေ့ရတယ်။ လက်ရှိ စုံစမ်းကြည့်တဲ့အခါမှာ တစ်နှစ်နီးပါးအထိကို တရားရုံးမထွက်ရတဲ့သူ အယောက် ၂၀၀ ဝန်းကျင်လောက်အထိ ရှိနေတယ်ဆိုတာ သိရပါတယ်” ဟု PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
လက်ရှိ အမှတ်(၁)ရဲစခန်း အချုပ်ဆောင်တွင် အကျဉ်းသားတစ်ဦး၏ အခြေခံအခွင့်အရေးများဖြစ်သည့် အကျဉ်းကျခံနေရစဉ်အတွင်း အစားအသောက် လုံလောက်စွာ ရရှိခွင့်နှင့် တစ်လလျှင် တစ်ကြိမ် မိသားစုနှင့် တွေ့ဆုံခွင့် (ဧည့်တွေ့ခွင့်)များလည်း ဆုံးရှုံးနေပြီး လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု ရရှိခွင့်များလည်း ဆုံးရှုံးလျက်ရှိနေကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်လက်အောက်ခံ ရဲဝန်ထမ်းများဖြစ်သည့် ၁ ပွင့်ဗိုလ် ကျော်ဝင်းထွန်း၊ တာဝန်မှူး ဝေဝေမြင့်၊ မို့မို့လွင်နှင့် ဂတ်စာရေး ချစ်ညိုညိုတို့သည် အမျိုးသမီးအချုပ်ခန်းများကို အမြဲလာရောက်၍ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။