မုံရွာမြို့နယ်အတွင်းရှိ လယ်ဇင်ရွာနှင့် ရွာထောင်ရွာတို့မှ ဒေသခံများအား အကြမ်းဖက်စစ်ကြောင်း ဖမ်းဆီးထား၊ ဒေသခံ တစ်ထောင်ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရ

10 months ago

၎င်းစစ်ကြောင်းမှာ ၅ ရက်နေ့က စခန်းစီးနင်းခံရခြင်းကြောင့် ရဲဘော်လေးဦး ကျဆုံး၊ နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရစေခဲ့သော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းဖြစ်
===========
စက်တင်ဘာ ၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ လယ်ဇင်ရွာနှင့် ရွာထောင်ရွာတို့တွင် အကြမ်းဖက်စစ်ကြောင်းက တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးထားကာ ဒေသခံ တစ်ထောင်ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက စခန်းစီးနင်းခံရခြင်းကြောင့် ရဲဘော်လေးဦး ကျဆုံး၊ နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရစေခဲ့သော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာ အဲဒီစစ်ကြောင်းက လယ်ဇင်ရွာနဲ့ ရွာထောင်ရွာတို့က ဒေသခံတွေကို ဖမ်းဆီးထားပြီး ကတုတ်ကျင်းတူးခိုင်းတာ၊ ဘန်ကာသဲအိတ်တွေ သယ်ခိုင်းတာတွေ ပြုလုပ်နေပါတယ်။ ဒီနေ့မှ စပြီးတပ်စွဲတာဖြစ်လို့ ဘယ်ရွာက ဒေသခံဘယ်လောက် အဖမ်းခံထားရတယ်ဆိုတာ မသိရသေးပါဘူး။ အခုထိ ဓားစာခံတွေ မလွတ်မြောက်သေးပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စခန်းစီးနင်းခံလိုက်ရခြင်းကြောင့် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ကုသမှု ခံယူနေရသူ ရဲဘော်နှစ်ဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း ၎င်းကဆိုသည်။
စက်တင်ဘာ ၅ ရက်နေ့ ၊ နံနက် (၆) နာရီ ဝန်းကျင်တွင် မုံရွာမြို့နယ်အတွင်းရှိ “ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” စခန်းတစ်ခုအား အကြမ်းဖက်စကစတပ်မှ အင်အား (၈၀) ကျော် ဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ခြင်းကြောင့် ရဲဘော်ခြောက်ဦး အရှင်ဖမ်းဆီးခံခဲ့ရကာ ပစ်သတ်ခံခဲ့ရပြီး ရဲဘော်နှစ်ဦးမှာ အရေးပေါ်ဆေးကုသမှုခံယူနေရခြင်း ဖြစ်သည်။
Photo – CJ