မိုးဗြဲ စက်တော်ရာ တောင်ပေါ်စခန်းကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း နှစ်ခုမှ ရဲဘော် ၆ ဦး ကျဆုံးခဲ့ရ

7 months ago

“လေယာဉ်ကြဲချတဲ့ ဗုံးဟာ ပေါင် ၅၀၀ ဗုံးကြီးဖြစ်ပြီး ကျွန်တော်တို့ ရဲဘော်တွေအပေါ်မှာ တည့်တည့် ကွက်တိကျမှန် ပေါက်ကွဲခဲ့ပါတယ်။ ကျွန်တော်တို့ ရဲဘော် ၆ ဦး ကျဆုံးပြီး ရစရာ မရှိအောင် အကုန် ကြေမွသွားခဲ့တယ်”
မြေပြင်သတင်းအရင်းမြစ် ရဲဘော်တစ်ဦး
========
နိုဝင်ဘာ ၁၉
မိုးဗြဲမြို့၊ စက်တော်ရာ တောင်ပေါ်စခန်းကုန်း စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ရင်း KNDF တပ်ရင်း နှစ်ခုမှ ရဲဘော် ၆ ဦး ကျဆုံးခဲ့ရကြောင်း မြေပြင်သတင်းအရင်းမြစ် ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ ကျဆုံးခဲ့ရသည့် ရဲဘော်များမှာ KNDF B/11 မှ ရဲဘော် အာကာအောင် ၊ ရဲဘော် ပန်းစိန်အောင်၊ ရဲဘော် စန်းမြင့်ဌေးနှင့် KNDF B/22 မှ ရဲဘော် အောင်ဦး၊ ရဲဘော် စမ်းမောင်၊ ရဲဘော် မောင်လွန်တို့ ဖြစ်ကြောင်း သိရသည်။
“ မိုးဗြဲ စက်တော်ရာ တောင်ပေါ်စခန်းသိမ်းတိုက်ပွဲမှာ ကျွန်တော်တို့နိုင်ခဲ့ပါတယ်။ ဒီပွဲဟာ စ(-)တွေနဲ့ ၁၄ ရက်နေ့ ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် ဖိုက်ခဲ့တယ်ပေါ့။ စက်တော်ရာ တောင်ပေါ်စခန်းကုန်းမှာ စစ်(-) အင်အား ၈၅ တပ်ရင်း တစ်ခုစာ ရှိခဲ့ပါတယ်။ စစ်-တွေ စခန်း မစွန့်ခွာခင် မိနစ်အနည်းငယ်မှာ တိုက်လေယာဉ်က သုံးပတ်လောက် သေသေချာချာ ပတ်ကြည့်ပြီး တည်နေရာကို တွေ့တာနဲ့ ပေါင် ၅၀၀ ဗုံးကို ကျွန်တော်တို့ရဲဘော်တွေ အပေါ်ကို ကြဲချခဲ့ပါတယ်။ ပေါင် ၅၀၀ ဗုံးချတဲ့အချိန်ဟာ စစ်(-) စခန်းနဲ့ နီးနေသည့်အတွက် စစ်(-) တွေ စခန်းကို စွန့်ခွာပြီး ပြေးတဲ့အချိန် ဖြစ်တယ်။ ဒီပွဲဟာ စစ်(-) တော်တော် အသေများခဲ့ပါတယ်။ လေယာဉ်ကြဲချတဲ့ ဗုံးဟာ ပေါင် ၅၀၀ ဗုံးကြီးဖြစ်ပြီး ကျွန်တော်တို့ ရဲဘော်တွေအပေါ်မှာ တည့်တည့် ကွက်တိကျမှန် ပေါက်ကွဲခဲ့ပါတယ်။ ကျွန်တော်တို့ ရဲဘော် ၆ ဦး ကျဆုံးပြီး ရစရာ မရှိအောင် အကုန်ကြေမွသွားခဲ့တယ်။ လေယာဉ်ဗုံး ပေါင် ၅၀၀ ဗုံးတစ်လုံးတည်းကြောင့် ရဲဘော် ၆ ဦး ကျဆုံးခဲ့ရပါတယ်ဗျ” ဟု အဆိုပါ ရဲဘော်က ဆိုသည်။
အဆိုပါ ကျဆုံးရဲဘော်များ၏ ဈာပန အခမ်းအနားအား နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်ပေးခဲ့ပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သော Operation 1111 တွင် ကရင်နီပြည် တပ်ပေါင်းစုများဖြစ်သည့် KNPLF, KA, KNDF, DMO Local PDF, အလယ်ပိုင်းတိုင်း PDF နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသည့် မြို့နယ်များအား တချိန်တည်း တပြေးညီ တိုက်ခိုက်၍ စခန်းကြီးငယ်များ သိမ်းပိုက်ထိန်းချုပ်နိင်ခဲ့ပြီး လက်နက်ကြီးငယ် အမြောက်အမြား သိမ်းဆည်းရရှိထားသည်။