မိုးဗြဲ၊ ဖယ်ခုံ ဒေသတွင် အကြမ်းဖက်စကစတပ်သားများလက်နက်စွန့်၍ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်

7 months ago

“အရင်တုန်းကဆိုရင် စစ်သားတွေက တစ်ယောက်ပဲ ကျန်တဲ့အထိတိုင် အသေခံပြီး ချတာ။ အခုကတော့ မတူတော့ဘူး။ သူတို့ ယုံကြည်မှု မရှိတော့ဘူးလေ။ သူတို့ကို ပစ်ထားမှာပဲဆိုတာ သိနေတာကိုး”
မြေပြင်တော်လှန်ရေး အရာရှိတစ်ဦး
============
နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်နိမိတ်ဖြစ်သော မိုးဗြဲ၊ ဖယ်ခုံဒေသတွင် မိုးဗြဲအခြေစိုက် ခမရ ၅၁၈ အပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ ခြေကုပ်စခန်းများအား MB1111 စစ်ဆင်ရေး၊ မဟာမိတ်အင်အားစုများက သိမ်းယူနိုင်ခဲ့ကြောင်းနှင့် အကြမ်းဖက်စကစ တပ်သားများ လက်နက်စွန့်၍ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“ဘယ်…. အရင်တုန်းကဆိုရင် စစ်သားတွေက တစ်ယောက်ပဲ ကျန်တဲ့အထိတိုင် အသေခံပြီးချတာ။ အခု ကတော့ မတူတော့ဘူး။ သူတို့ ယုံကြည်မှု မရှိတော့ဘူးလေ။ သူတို့ကို ပစ်ထားမှာပဲဆိုတာ သိနေတာကိုး။ တစ်ကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်းမဟုတ် သူတို့ မျက်စိရှေ့တင်ပဲ ဖြစ်နေတာတွေကြောင့် သူတို့ ယုံကြည်မှုမရှိတော့ဘူး။ စိတ်ဓာတ်တွေလည်း ပျက်ပြားနေပြီလေ။ အဲဒီတော့လည်း အညံ့ခံပြီပေါ့” ဟု မြေပြင်တော်လှန်ရေး အရာရှိတစ်ဦးက ပြောသည်။
မိုးဗြဲတွင် ၁၁.၁၁ (MB11.11 စစ်ဆင်ရေး)ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်ခဲ့ခြင်းဖြစ်ကာ မိုးဗြဲ၊ ဖယ်ခုံဒေသများအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း ၃၊ ပွဲကုန်း ၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများအတွင်း တပ်စွဲထားသောခြေကုပ် စခန်း ၈ ခုအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် ခမရ၅၁၈ ကိုလည်း နိုဝင်ဘာ ၁၅ရက် မွန်းလွဲပိုင်းတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ လက်နက်ခဲယမ်းများ စွန့်ကာ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်ကြသောကြောင့် မဟာမိတ်တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းရေးနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
မိုးဗြဲ၊ ဖယ်ခုံဒေသများအတွင်း နိုဝင်ဘာ ၁ ၁ရက်မှ ၁၅ ရက်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း၂၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ဖယ်ခုံ ဒေသအတွင်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၄ ဦး၊ သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် MB1111 စစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုနှင့် စစ်သုံ့ပန်း ဖမ်းဆီးထိန်းသိမ်းထားမှု အခြေအနေများအား စစ်ဆင်ရေး ပြီးဆုံးသည့်အချိန်တွင်ကြေညာသွားမည်ဖြစ်ကြောင်းလည်း MB1111 စစ်ဆင်ရေး မဟာမိတ်အင်အားစုများထံမှ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ MB1111 စစ်ဆင်ရေးအား တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄) PKS PDF၊ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းများ ဖြစ်ကြသော (၁၀၀၃) တပ်ရင်း၊ (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း၊ (၁၀၀၉) ၊ (၁၀၁၁) တပ်ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော KNDF BO-3၊ KNDF BO-11၊ KNDF BO-22 နှင့် မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F) ခုခံတော်လှန်ရေးအင်အားစုများ စုပေါင်း၍ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မိုးဗြဲမြို့အတွင်းမှ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြရန် အသိပေးထားကြောင်းလည်း သိရသည်။