မိုးကောင်းမြို့နယ် တောင်နီရွာ SNA ပြည်သူ့စစ်စခန်းအား ပြည်သူ့လက်အောက်သို့ အလင်းဝင်ရန် နောက်ဆုံးသတိပေးတိုက်ခိုက်၊ တစ်ဦး ပြင်းထန် ဒဏ်ရာရ

3 months ago

မတ် ၁၉
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ တောင်နီရွာ SNA ပြည်သူ့စစ်စခန်းမှ စကစ လက်ပါးစေများကို ပြည်သူ့လက်အောက်သို့ အလင်းဝင်ရန် နောက်ဆုံးအနေဖြင့် သတိပေးတိုက်ခိုက်ခဲ့ရာ တစ်ဦး အပြင်းအထန် ဒဏ်ရာရသည်ဟု သိရကြောင်း မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တောင်နီရွာ SNA ပြည်သူ့စစ်စခန်းကို ယမန်နေ့ မတ် ၁၈ ရက်နေ့ ညနေ ၅:၄၀ နာရီတွင် ဒရုန်းဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒါက သုံးကြိမ်မြောက် သတိပေး တိုက်ခိုက်ခြင်းပါ။ တစ်ယောက် အတော်ထိတယ် ကြားတယ်။ ဆေးရုံခေါ်သွားတယ် ပြောတယ်။ အဲဒီစခန်းမှာက အင်အားက အတော်များပါတယ်။ စကစရော၊ SNA ရော၊ ပြည်သူ့စစ်‌ရော ပေါင်းနေကြတာ။ သူတို့က အကြမ်းဖက်လုပ်ရပ်ဆိုတာထက် စကစရဲ့ လက်နက်ခဲယမ်းသယ်တဲ့ လမ်းကြောင်းမှာလည်း အဓိကနေရာမျိုး၊ SNA တပ်တွေရဲ့ အဝင်အထွက် အဓိကနေရာမျိုး၊ ပြည်သူ့စစ်တွေရဲ့ ပြည်သူအပေါ် အနိုင်ကျင့်မှု အုပ်ချုပ်ရေးမှူးနဲ့ အဲဒီအဖွဲ့နဲ့ ပေါင်းစားနေတာမျိုးနဲ့ တခြားသောအကြောင်းအရာတွေပါ လုပ်နေကြတာပါ” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်းအပြင် တောင်နီရွာအုပ်ချုပ်ရေးမှူးကိုလည်း ပြည်သူ့လက်အောက်သို့ အလင်းဝင်ရန် နောက်ဆုံးသတိပေးလိုက်ကြောင်းလည်း မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆိုထားသည်။