မတူပီ-ဟားခါးလမ်းတွင် အင်အား ၆၀ ပါ စကစစစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် နှစ်ဦးသေဆုံး

8 months ago

နိုဝင်ဘာ ၇
မတူပီ-ဟားခါးလမ်းတွင် အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း မတူပီ CDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်ကိမ်းက ပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မတူပီ-ဟားခါးလမ်း၌ စကစအင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး မတူပီ CDF နှင့် တိုက်ပွဲကြာချိန် ၁၅ မိနစ်ကျော်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။
“အဲဒီစစ်ကြောင်း အခုဘယ်ရောက်နေသလဲဆိုတာတော့ မသိရဘူး။ မနေ့က ဆုတ်ပြီးတာနဲ့ ခြေရာဖျောက်သွားတယ်။ ကျွန်တော်တို့ ဆုတ်ပြီးတာနဲ့ သူတို့ဘက်က လက်နက်ကြီး တောက်လျှောက်ပစ်တယ်။ တပ်တွင်းသတင်းတွေအရ တပ်ကြပ်ကြီးတစ်ယောက်နဲ့ ရဲဘော်တစ်ယောက် သေတယ်လို့ သတင်းကြားထားပါတယ်” ဟု ကိုနိုင်ဂျွန်ကိမ်းက ဆက်လက်ပြောသည်။
အဆိုပါတိုက်ပွဲတွင် စကစဘက်မှ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရကာ လက်နက်ကြီးများ တောက်လျှောက်ထုခဲ့ပြီး မတူပီ CDF အဖွဲ့အနေဖြင့် တိုက်ပွဲအပြီးတွင် ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။