မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၂၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၉ ဦးအထိရှိ

3 months ago

သေဆုံးသူများတွင် အသက် တစ်နှစ်အရွယ် အပါအဝင် ဆယ်နှစ်အောက် ကလေးငယ် ၁၁ ဦး ပါဝင်
===============
မတ် ၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၂၁ ဦး ဗုံးထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ ဦးမှာ နောက်ရက်တွင် ထပ်မံသေဆုံးခဲ့ကြောင်း AA Info Desk က ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်၊ မတ် ၁၈ ရက်နေ့၊ နံနက် ၁ နာရီ ၃၂ မိနစ်အချိန်တွင် မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသော အပြစ်မဲ့ပြည်သူ ၃၀ ဦးအား ULA/AA ဆေးတပ်ဖွဲ့ဝင်များမှ ဆေးကုသပေးလျက်ရှိရာ ၎င်းဒဏ်ရာရရှိသူ ၃၀ ဦးထဲမှ ၁ ဦးမှာ မတ် ၁၉ ရက်နေ့တွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
၎င်းသေဆုံးသူများတွင် အသက် တစ်နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ဆယ်နှစ်အောက် ကလေးငယ် ၁၁ ဦး ပါဝင်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးဆံကြောင့် သေဆုံးသွားသူများမှာ သာဒါ (မူဆလင်) ရွာမှ ၁၀ ဦး ဖြစ်ပြီး အခြားသောသူများမှာ သာဒါရွာသို့ စစ်ဘေးလာရှောင်နေကြသော ဆင်ကြီးပြင် (မူဆလင်) ရွာမှ ၁၂ ဦးတို့ ဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုကြောင့် သာဒါရွာမှ ပြည်သူနေအိမ် ၆ လုံး ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
ရခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် မြို့ရွာများရှိ အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်များ၊ စစ်ဘေးရှောင်နေရာများအပြင် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များ၊ သာသနိက အဆောက်အအုံများ၊ မြို့ရွာများရှိ ဈေးများနှင့် လမ်းတံတားများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၎င်းတို၏ တပ်စခန်းများ၊ လက်နက်ကြီးစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို တစ်ရက်ထက်တစ်ရက် မိုက်ရူးရဲဆန်စွာ ပိုမိုပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ လူမျိုးရေးအမုန်းတရားများကို အခြေခံပြီး စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် နေ့စဉ်တိုက်ခိုက် သတ်ဖြတ်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက်နေသော လုပ်ရပ်များ နှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်ကာ လွန်စွာမှ သိက္ခာမဲ့သော လုပ်ရပ်များပင် ဖြစ်ကြောင်းလည်း AA က ဆိုထားသည်။
(သေဆုံးဓာတ်ပုံများကို Spring of Burma မီဒီယာ၏ တယ်လီဂရမ်ချန်နယ် https://t.me/Springofburmamedia တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဓါတ်ပုံ – ၂၀၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့၊ နံနက် (၁) နာရီ (၃၂) မိနစ်အချိန်တွင် မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးမှုနှင့် အိုးအိမ်များပျက်စီးသွားမှုမြင်ကွင်းများ။
May be an image of 1 person and childMay be an image of text
May be an image of 1 person and tree