ဘောလခဲမြို့ရှိ ၁၂ မိုင်ကုန်းစခန်းကို သိမ်းပိုက်ရရှိ၊ စကစ တစ်ဦး အရှင်ဖမ်းမိပြီး သေဆုံးသူ၊ ထွက်ပြေးသူများ ရှိခဲ့ဟုဆို

5 months ago

ဖေဖော်ဝါရီ ၉
ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ (စကစ) စစ်အုပ်စုလက်အောက်ခံ (ခမရ – ၁၁၂)၏ ၁၂ မိုင်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိကာ သေဆုံးသူ၊ ထွက်ပြေးသူများ ရှိခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က ထုတ်ပြန်ထားသည်။ 

အဆိုပါ စခန်းကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်မဟာ (၇၈၂၆)၊ KA၊ KNDF၊ PDF၊ KNPLF Federal Wing ဒရုန်း တပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့ အတူတကွ ပူးတွဲပါဝင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း MA 1 အမျိုးအစား သေနတ် (၈) လက်၊ MA2 အမျိုးအစား သေနတ် (၁)လက်၊ MA 3 အမျိုးအစားသေနတ် (၁) လက်၊ MA 11 အမျိုးအစား သေနတ် (၁) လက်၊ ၆၀ မမ စိန်ပြောင်း (၃) လက်၊ ငါးကြင်းမြီး စက်လတ် (၁) လက်၊ ၉ မမ ပစ္စတို (၁) လက် စုစုပေါင်း (၁၆) လက်နှင့် ခဲယမ်းမျိုးစုံနှင့် အခြားစစ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။
“၁၂ မိုင်ကုန်းစခန်းက ဘော်လခဲမြို့နယ်မှာ တည်ရှိတာပါဗျ။ ဒီလ အစကတည်းက တိုက်ခိုက်မှုတွေ စလုပ်ခဲ့တာပါ။ ၈ ရက်နေ့မှာ အပြီး သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဲဒီစခန်းမှာ အင်အားကတော့ ၄၀ ကျော်လောက် ရှိတယ်လို့ သိရတယ်ဗျ” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် FFD ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း ပူးတွဲတပ်ဖွဲ့များဘက်မှ ရဲဘော်တချို့ ဒဏ်ရရှိခဲ့ကာ စကစ အချို့မှာ ကစဉ့်ကလျား ထွက်ပြေးသွားကြ‌ကြောင်းလည်း ဖော်ပြထားသည်။