ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့တွင်း စစ်ဆင်ရေးများအတွင်း စကစဘက်မှ အညံ့ခံသူ ၁၄ ဦးနှင့် သေဆုံးသူ ၃၀ ဦးတို့ရှိ

4 months ago

ကော့ကရိတ် မြို့ပေါ်ဧရိယာ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဟုဆို
========
ဖေဖော်ဝါရီ ၂၆
KNU တပ်မဟာ (၆) နယ်မြေ၊ ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့တွင်း စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ နှစ်လကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အညံ့ခံသူ ၁၄ ဦးနှင့် သေဆုံးသူ ၃၀ ဦးတို့ ရှိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က သတင်းထုတ်ပြန်ထားသည်။
May be an image of 4 people and helicopter
ကော့ကရိတ်မြို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်းများ၊ ဂိတ်စခန်းများအား၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ KNLA နှင့် PDF နှင့် ဒရုန်း ပူးပေါင်းတပ်များမှ စတင်ထိုးစစ်ဆင်ကာ ပူးပေါင်းစစ်ဆင်ရေး​ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့ပေါ်ဧရိယာ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
၄င်းပူးပေါင်းစစ်ဆင်ရေးကာလအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် ကော့ကရိတ်တောင်ဘက်ခြမ်းရှိ ကော့နွယ်စခန်းကုန်းနှင့် လှိုင်ဝတံတားဂိတ်၊ ကြာပန်းဂိတ်၊ ၄ ရက်နေ့တွင် ကော့ကရိတ်မြောက်ဘက်ခြမ်းရှိ ရန်သူအထိုင်ချတပ်စွဲထားသော အမှတ် (၃) ဂိတ်၊ ၆ ရက်နေ့တွင် ဘားအံ – မြဝတီ (အာရှလမ်း)ပေါ်ရှိ ကမိုင်ကုန်းသင်္ချိုင်းကုန်းတွင် တပ်စွဲထားသော အထိုင်စခန်း၊ ၂၇ ရက်နေ့တွင် ကော့ကရိတ်ချောင်းတောင်ရပ်ကွက်ရှိ စာသင်ကျောင်းတွင် တပ်စွဲထားသောနေရာ၊ ၂၈ ရက်နေ့တွင် တောင်ကြာအင်းရဲစခန်း၊ ၂၀၂၄ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဘားအံ – မြဝတီလမ်း (အာရှလမ်းပိုင်း) ပေါ်ရှိ စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သော ရေကူးကန်နှင့် ဆီဆိုင် ဂိတ်စခန်းများအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။
May be an image of 4 people
၎င်းစစ်ဆင်ရေးများအတွင်း ယနေ့အချိန်အထိ စကစဘက်မှ လက်နက်ချအညံ့ခံသူ ၁၄ ဦးရှိပြီဖြစ်ကာ သေဆုံးသူအရေအတွက် ၃၀ ဦး၊ ဒဏ်ရာရသူ အများအပြားနှင့် လက်နက် ၄၆ လက်ကို KNLA၊ SOF နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် ၇ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး စကစ၏ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း၊ စကစဘက်မှ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ နေ့စဥ်ပစ်ခတ်လျှက်ရှိပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီး၍ ပြည်သူလူထုပစ္စည်းများအား ခိုးယူလျှက်ရှိကြောင်း သိရသည်။
May be an image of text
ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ရှောင်တိမ်းနေရပြီး KNU မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ​MOD ၏ ပြည်သူလူထု လုံခြုံရေးဌာနတို့ ပူးပေါင်းကာ ကူညီထိန်းသိမ်းစောင့်ရှောက်ထားလျှက်ရှိကြောင်းလည်း ဖော်ပြထားသည်။