ဗန်းမောက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ထိတွေ့တိုက်ပွဲဖြစ်၊ စကစ နှစ်ပွင့် ဗိုလ် ၁ ဦး အပါအဝင် ၅ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

7 months ago

နိုဝင်ဘာ ၁၂
ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ယမန်နေ့က အင်အား ၅၀ ခန့်ရှိ စကစတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၄) တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စကစတပ်ဘက်မှ နှစ်ပွင့် ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ တပ်သား ၃ ဦး စုစုပေါင်း ၅ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာ တောင်ဘက်၊ ဆင်ကန်ရွာ အနောက်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၄) တပ်ရင်းက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် စကစတပ်၏ အင်အား ၅၀ ခန့်ရှိ တပ်မ (၇၇) လက်အောက်ခံ ခမရ (၈) နှင့် နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၁:၄၀ နာရီမှ ညနေ ၅:၃၀ နာရီအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင်အမှတ် (၁) တပ်ရင်းနှင့် ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဗန်းမောက် ပ.က.ဖ) တို့က စစ်ကူပစ်ကူပေးခဲ့ကြောင်း သိရသည်။
 
၎င်းတိုက်ပွဲအတွင်း စကစတပ်ထံမှ MA-1 (၁) လက်၊ MA-2 (၁) လက်၊ MA-4 (၂) လက်၊ MA-5 (၂) လက်၊ 5.56 ကျည် (၆၂၆) တောင့်၊ ငါးကြင်းမြီးကျည် (၁၀) တောင့်၊ ၉ မမ ကျည် (၁၂) တောင့်၊ ၄၀ မမ ကျည် (၁၈) လုံး၊ MA ကျည်ဘောက် (၂၀) ခု၊ MA 2 ကျည်ဘောက် (၁) ခု၊ စကားပြောစက် (၆) လုံး၊ ကျည်ကာ (၃) ခု၊ ခါးပတ် (၅) ခု၊ ဘေးလွယ်အိတ် (၄) ခု၊ နာရီ (၂) လုံး၊ လက်ကိုင်ဖုန်း (၂) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကီးပက်ဖုန်း (၁) လုံး၊ ပါဝါဘန့် (၁) လုံး ၊ ရေဘူး (၁) ဘူး၊ စစ်ဦးထုပ် (၁) လုံး၊ ကတ်သီး (၁) ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။