ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ပြဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး တော်လှန်ရေးအရာရှိတချို့၏ အမြင်သဘောထားများ….။

4 months ago

ခွန်းဘီထူး (ဥက္ကဌ)
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)
May be an image of 1 person and text
“၁၀ ရက်နေ့ နေ့စွဲနဲ့ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်ဝင်အောင်လုပ်တော့မယ်။ စစ်မှုထမ်းခိုင်းမယ်ဆိုတဲ့ ကြေညာချက်တွေ တွေ့ရတယ်။ ဒီစစ်မှုထမ်း ဥပဒေက ဓားသွားနှစ်ဖက် ရှိသလိုပဲပေါ့နော်။ စစ်သားတွေကို စုဆောင်းလို့ရတယ်။ ဒါပေမယ့် မစုဆောင်းတတ်ရင်တော့ သွေးမြေကျစေမယ့် အရာဖြစ်တယ်။ သာမန်အားဖြင့်တော့ ထောက်ခံမှု ရရှိတဲ့ အစိုးရအခြေအနေ၊ တိုင်းပြည်ရဲ့ကျူးကျော်စစ်ကို ခံရတဲ့ အခြေအနေမျိုးမှာတော့ စစ်မှုမထမ်းမနေရ ဥပဒေက သင့်တော်တဲ့ ပုဒ်မတစ်ခုဖြစ်ပေမယ့် အခုအချိန်လိုမျိုး အာဏာသိမ်းပြီး လူထုကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ စစ်ကောင်စီ၊ ပြီးရင် နေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဒီဥပဒေကို ပြဌာန်းပြီးမှ လုပ်တယ်ဆိုတာကတော့ ကောင်းကျိုးထက် ဆိုးကျိုး ပိုများလိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီတော့ ဒီဆိုးရွားမှုတွေက ဘယ်နေရာတွေမှာ ဖြစ်လာနိုင်လဲဆိုတော့ လူတိုင်းက စစ်မှုမထမ်းမနေရဆိုပြီး လိုက်လံဖမ်းဆီးမှုတွေ၊ စုဆောင်းပိုင်ခွင့်၊ ပေါ်တာဆွဲပိုင်ခွင့်တွေ စစ်ကောင်စီဘက်က ရသွားမှာ ဖြစ်သလို တဖက်မှာကတော့ အချင်းချင်း သတ်ဖြတ်မှုတွေ၊ မုန်းတီးမှုတွေကို ဖန်တီးလိုက်တာမျိုးတွေ ပိုဖြစ်သွားစေနိုင်တယ်။ မင်းအောင်လှိုင်က မအောင်မြင်တော့တဲ့ စစ်ပွဲကို အဆုံးစွန်အထိ တိုက်မယ်။ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောနဲ့ လုပ်ဆောင်နေတဲ့ စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်သွားတယ်။ တိုင်းပြည်ရဲ့ အခြေအနေက ဒီထက်ပိုဆိုးရွားသွားမယ့် အခြေအနေမျိုးဖြစ်နေတယ်လို့ ယူဆပါတယ်”
———
ဗိုလ်ချုပ် ဂွမ်မော်
KIO/KIA
May be an image of 1 person
“၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က (နိဂုံးရဲ့အစ) ဆိုရင်….
၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့ စတင် အာဏာတည်သော ဥပဒေက (နိဂုံးရဲ့အဆုံးသတ်).. လို့ဆိုရမှာပေါ့”
(အကြမ်းဖက် စစ်ကောင်စီက အတည်ပြုလိုက်သည့် “ပြည်သူ့စစ်ဥပဒေ” နှင့်ပတ်သက်ပြီး ခေတ်သစ်သတင်းဌာန၏ သတင်းပို့စ်အောက်တွင် ရေးသားခဲ့သည့် မှတ်ချက်ဖြစ်ပါသည်။)
——-
ဆလိုင်းမျိုးထိုက် (ဥက္ကဌ)
ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ
May be an image of 1 person
” စစ်ကောင်စီက စစ်မှုမထမ်းမနေရ ပြဌာန်းတာ တကယ်တမ်းပြောရရင် နောက်ကျတယ်ပေါ့။ သူတို့က လွန်ခဲ့တဲ့ ၂၀၁၀ မှာ သူတို့ရဲ့အဖေ သန်းရွှေက ဒါကို ပြဌာန်းချင်တယ်။ ဒါပေမယ့် ၂၀၁၄ မှာ ဒါကို ပြဌာန်းရင် ပြည်သူ့ကိုယ်စားလှယ်တွေက ကန့်ကွက်နိုင်တယ်ဆိုပြီး ဒီအတိုင်းပဲ ထားလိုက်တာပေါ့နော်။ ဒါကို မင်းအောင်လှိုင်က အမွေဆက်ခံတာပေါ့လေ။ အခုအချိန်မှာ တိုင်းရင်းသားနယ်မြေတွေ အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ စစ်ပွဲတိုင်း၊ တိုက်ပွဲတိုင်းမှာလည်း ရှုံးနိမ့်လာတယ်။ လက်ရှိဖြစ်နေတဲ့ တော်လှန်ရေးကြောင့် စစ်သားတွေ အသက်ဆုံးရှုံးတာ၊ ထွက်ပြေးတာတွေကြောင့် သူတို့ရဲ့ စတန်းဒတ်အာမီကြီးက ပြိုကွဲလုဆဲဆဲ ဖြစ်လာတဲ့အချိန်မှာ စစ်သားသစ်လည်း စုဆောင်းလို့ မရ၊ လက်ရှိ ရှိနေတဲ့ စစ်သားတွေဆိုလည်း မနိုင်ကြတော့ ရှုံးမဲမဲတဲ့အနေနဲ့ အဲဒီဥပဒေကို မင်းအောင်လှိုင်က ပြဌာန်းလိုက်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ရပါတယ်။ ကျွန်တော့်အထင်တော့ ဘယ်ပြည်သူကမှ မင်းအောင်လှိုင်ရဲ့ ဆင့်ခေါ်မှုကို ပါဝင်ကြမှာ မဟုတ်ဘူ။ သူတို့ရဲ့အပေါင်းအပါတွေက လွဲရင်ပေါ့။ မကြာခင် မြန်မာပြည်မှာ ဒီထက်ရှုပ်ထွေးနိုင်တဲ့ လူထုပဋိပက္ခတွေ၊ အုံကြွမှုတွေ ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ သူတို့က ဒါကို အကောင်အထည် ဖော်တော့မှာလေ။ ဒါက တိုင်းရင်းသားနယ်မြေတွေမှာတော့ အကျုံးမဝင်လောက်ဘူး ထင်ပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်မှာတော့ မြို့ပေါ်မှာတောင် စကစက သူတို့စခန်းမှာပဲ နေနိုင်တဲ့ အနေအထားပါ။ ပြည်မမှာတော့ ဆင့်ခေါ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သုံးသပ်ရမယ်ဆိုရင်တော့ ဒီဥပဒေ ပြဌာန်းလိုက်တာဟာ သူတို့ ရှုံးမဲမဲပြီးတော့မှ လက်နက်တစ်ခုသဖွယ် နောက်ဆုံးထွက်ပေါက်အနေနဲ့ ထုတ်သုံးလာတာပဲလို့ ပြောချင်ပါတယ်”
——–
ရန်ကုန်မှ ယူဂျီခေါင်းဆောင်တစ်ဦး
“တိုတိုနဲ့ တည့်တည့်ပြောရရင် သူတို့အခြေအနေကို သူတို့သိလာလို့ပေါ့။ ဒါကြောင့် သူတို့ရဲ့ နောက်ဆုံးဝှက်ဖဲတွေကို မဖြစ်မနေ ထုတ်သုံးလာတယ်လို့ မြင်တယ်။ နောက်လည်း ဒီထက်ယုတ်မာတဲ့ ဝှက်ဖဲတွေ ထုတ်သုံးလာကြလိမ့်ဦးမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အခြေအနေက ဟိုးအောက်ကို ပြိုဆင်းနေပြီလေ။ အဲဒီတော့ ပြည်သူကို နင်းပြီး ပြည်သူကို ရင်းပြီး သူတို့ပြန်တက်ဖို့ ကြိုးစားနေတာ။ ဒါပေမယ့် သူတို့အောင်မြင်မှာမဟုတ်ပါဘူး။ ဒီလိုလုပ်လိုက်တဲ့အတွက် သူတို့ပိုပြီးတော့တောင် မြန်မြန်ရှုံးသွားနိုင်သေးတယ်။ ဘယ်ပြည်သူက သူတို့ချစ်တဲ့ တော်လှန်ရေးသမားတွေ PDF တွေနဲ့ ရန်သူဖြစ်ချင်မှာလဲ။ အဲဒါကို သူတို့ ဘယ်လိုထိန်းမှာလဲ။ သူတို့စစ်သားစစ်စစ်ကြီးတွေတောင် တိုက်ပွဲရောက်ရင် လက်နက်ချတာ၊ ထွက်ပြေးတာတွေ ဆက်တိုက်လုပ်နေကြတာ။ ပြည်သူတွေဆိုရင် သူတို့ ပိုတောင် ကိုင်တွယ်ရခက်လိမ့်ဦးမယ်။ သေချာပါတယ်၊ ဒီလုပ်ရပ်က သူတို့ထင်သလို ဖြစ်မလာနိုင်တဲ့အပြင် ပွဲမြန်မြန်ပြီးသွားဖို့ တွန်းအားတစ်ခုတောင် ဖြစ်သွားနိုင်ပါသေးတယ်”
——–
ဒေါက်တာ တူးခေါင် (ပြည်ထောင်စုဝန်ကြီး)
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ NUG
May be an image of 1 person
“နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူး။ ငါတို့က ဘယ်ဘက်မှ မပါဘူး။ ကြားထဲက ပြည်သူစစ်စစ်ပါဆိုတဲ့ လူတွေရဲ့ အိမ်တံခါး တက်ခေါက်မယ့် ဥပဒေတော့ ထွက်လာပြီ။ ဘယ်လမ်းရွေးမလဲ ဆိုတာပဲရှိမယ်၊ ကြားလူမရှိတော့ဘူး”
(အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းကြောင်း ထုတ်ပြန်ပြီးနောက် ဒေါက်တာတူးခေါင်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားချက် ဖြစ်ပါသည်။)
——–
နိုင်နဂါး (ပြောရေးဆိုခွင့်ရှိသူ)
မွန်ပြည်တော်လှန်ရေးတပ် (MSRF)
May be an image of 1 person and smiling
“စစ်ကောင်စီက အခုလို စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းတာက ကျွန်တော်မြင်တာကတော့ စစ်ကောင်စီက လွယ်လွယ်နဲ့ နိုင်ငံတော်ရဲ့အာဏာကို ပြည်သူတွေထံ လွှဲပေးမှာ မဟုတ်သေးဘူးဆိုတာ ပြတာပဲဖြစ်တယ်။ ရှေ့တန်းစစ်မြေပြင်တွေမှာ စစ်ကောင်စီတပ်သားတွေ အတုံးအရုံးကျဆုံးနေတယ်။ နောက်ပြီး ပြည်သူတွေဘက်ကို ဘက်ပြောင်းလာတယ်။ စစ်ပြေးတွေ အများကြီး ရှိလာတဲ့ အပေါ်မှာ ပြန်လည်အင်အားဖြည့်တင်းပေးဖို့ တဖက်က တွက်လို့ရှိရင်လည်း နိုင်ငံရေးလမ်းကြောင်းအရ နိုင်ငံတော်ရဲ့အာဏာကို ပြည်သူတွေကို လွှဲပြောင်းပေးဖို့ သူတို့မှာ အာသီသမရှိဘူးဆိုတာ ကျွန်တော်တို့ မြင်တွေ့ရတယ်။ အခုလို မတရားဥပဒေ ပြဌာန်းခြင်းကြောင့် ဆိုးကျိုးတွေကတော့ ပြည်တွင်းမှာ ရှိတဲ့ လူငယ်၊ လူရွယ်တွေ အစုလိုက် အပြုံလိုက် နိုင်ငံခြားကို ထွက်ပြီး ရှောင်တိမ်းဖို့ ကြိုးစားကြလိမ့်မယ်။ ဒါပေမယ့် အများစုကတော့ ဒီလို နိုင်ငံခြားကို ထွက်ပြေးဖို့ အဆင်မပြေတဲ့အခါကျတော့ သူတို့ရဲ့ ဥပဒေအတိုင်း တပ်ထဲ မဝင်မနေရ ဖြစ်လာမှာလည်း ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအတွက်ကတော့ ဒီပြည်သူပြည်သား လူငယ်လူရွယ်တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ထဲကို မလွှဲမရှောင်သာ ဝင်မယ့်အစား ကျွန်တော်တို့ တော်လှန်ရေးဘက်ကို ပူးပေါင်းလာကြမယ်လို့ ယူဆတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ လူငယ်လူရွယ်တွေအနေနဲ့ မတရားအကြမ်းဖက် ဖိနှိပ် နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ပြီး အမြန်ဆုံးလာရောက် ပူးပေါင်းကြပါ။ မတရားတဲ့ဥပဒေကို ဆန့်ကျင်ပြီး ကျွန်တော်တို့နဲ့ လက်တွဲပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့ အမြန်ဆုံး လာရောက်ပူးပေါင်းကြပါလို့ ပြောချင်ပါတယ်ခင်ဗျ”
——-
ရဲဘော် ကျော်ဇော (ဒုစစ်ကြောင်းမှူး)
ဒေါနစစ်ကြောင်း
“စစ်ကောင်စီအင်အား‌ တဖြည်းဖြည်း လျော့နည်းလာပြီဆိုတာကို ဘယ်လိုမှ ဖုံးဖိလို့ မရတော့ဘူးဆိုတာ သက်သေပါပဲ။ အိမ်ကြက်ချင်း အိုးမည်းသုတ်သလို ဖြစ်လာနိုင်စရာရှိပါတယ်။ ဒီအချိန်မှာ ပြည်သူ‌တွေရဲ့ နိုင်ငံရေးရေချိန်က အဓိကလို့ပဲ ပြောလိုပါတယ်။ ပြည်သူတွေကိုတော့ အပြည့်အဝ ယုံကြည်ပြီးသားပါ။ တော်လှန်ရေးသမားတစ်ဦးအနေနဲ့ ပြောချင်တာက ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပြတ်ဖို့ ရန်ငါပြတ်ရမယ့်အချိန် ရောက်ပြီလို့ သုံးသပ်ပြောကြားလိုပါတယ်ဗျာ”