ဖာပွန်မြို့ပေါ်ကို KNLA ပူးပေါင်းတပ်က အလုံးစုံထိန်းချုပ်ထားပြီး ကျန်မြို့ပြင်တပ်ရင်းများ သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းနေ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်မှ Y 12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲလျက်ရှိ

2 months ago

မတ် ၃၁
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်ရှိ ခလရ ၁၉ တပ် ရင်းနှင့် စစ်လက်နက်ပစ္စည်းတပ်ရင်း(စစန) ၆၄၂ တို့ကို KNLA နှင့် PDF ပူး ပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ရရှိထားပြီး ဖာပွန်မြို့ပေါ်ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီဖြစ်ကာ မြို့ပြင်ရှိ ကျန်တပ်ရင်း ၃ ခုကို ဆက်လက်သိမ်းနိုင်ရေး ကြိုးပမ်းနေကြောင်း တပ်မဟာ ၅ မှ တော်လှန်ရေးသတင်းအရင်းမြစ်က ပြောသည်။
လက်ရှိတွင် ဖာပွန်မြို့ပေါ်၌ စစ်ကောင်စီတပ်၏ အငွေ့အသက် လုံးဝမရှိတော့ဘဲ မြို့ပေါ်သည် တပ်မဟာ ၅ လက်အောက် ပြန်လည်ကျရောက်သွားပြီဖြစ်ကြောင်း၊ လက်ရှိမှာလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်မှ Y 12 လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း သိရသည်။
May be an image of text that says "SBK"
“မနေ့မနက်ကနေ ညအထိ လေယာဉ်နဲ့ ဗုံးကြဲတာ။ ဒီနေ့မှာလည်း ဗုံးသီးတွေ ပစ်ချတာ တရစပ်ပဲ။ တိုက်ပွဲကလည်း ဆက်တိုက်ဖြစ်နေတာ။ Y 12 ဆိုတာက ဗုံးသီးတွေချိတ်ပြီး ပစ်တဲ့ လေယာဉ်မျိုး မဟုတ်ဘူး။ လူက ပစ်ချတာ” ဟု ယင်းက ပြောသည်။
ဖာပွန်မြို့တည်ရာနေရာနှင့် လက်ရှိ ဖာပွန်ဗျူဟာကုန်းတည်ရာနေရာမှာ တစ်မိုင်ကျော်ခန့်သာ ဝေးပြီး မြို့ပေါ်ရှိ စကစ စခန်းများ၊ ကာကင်းများ၊ မော်တာကုန်းများ စသည်တို့ကို မဟာမိတ်ပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိပြီး ဖြစ်သည်။
“မြို့ထဲမှာကျတော့ အစက သူတို့ရဲ့ စခန်းတွေ၊ ကာကင်းတွေ စသဖြင့် ထားထားတာရှိတယ်။ မော်တာကုန်းတို့ ဘာတို့။ အဲဒါကို မဟာမိတ်ပူးပေါင်းတပ်တွေက အကုန်လုံး သိမ်းပိုက်ပြီးသွားပြီ။ မြို့ပေါ်မှာကျတော့ စကစနဲ့ သက်ဆိုင်တဲ့ အငွေ့အသက် တစ်ခုမှ ရှိမတော့သလို စကစလည်း မရှိတော့ဘူး။ မြို့က လုံးဝ တပ်မဟာ ၅ လက်အောက် ပြန်ရောက်သွားပြီ” ဟု အဆိုပါ တော်လှန်ရေး သတင်းအရင်းမြစ်က ပြောသည်။
May be an image of 1 person
ဖာပွန်မြို့ပေါ်ရှိ စကစများက မြို့ပြင်တပ်ရင်းများသို့ ထွက်ပြေးသွားခဲ့ကြပြီဖြစ်ပြီး မြို့ပြင်ရှိ တပ်ရင်းများကို ဆက်လက်သိမ်းနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
“မြို့အပြင် တစ်မိုင်အကွာ ဗျူဟာကုန်းမှာကျတော့ တပ်ရင်း ၄ ရင်း ရှိတယ်။ အဲဒီထဲကမှ ခလရ ၁၉ ရှေ့တန်းဌာနချုပ်ပေါ့။ အဲဒီ ခလရ ၁၉ က ပထမဦးဆုံးစပြီး စခန်းတည်တာပေါ့နော်။ နောက်ပိုင်းကျတော့ ဗျူဟာတည်တဲ့အခါမှာ ခမရ ၃၄၀၊ ခမရ ၃၄၁၊ ခမရ ၄၃၄ ပေါ့နော်။ အဲဒီတပ်ရင်းတွေပါ ပါလာတယ်။ ဗျူဟာက အခြေကျဗျူဟာဖြစ်တြဲအတွက် တပ်ရင်း ‌၄ ရင်းနဲ့ ဗျူဟာတစ်ခုပေါ့နော်။ ခလရ ၁၉ ကတော့ သိမ်းပိုက်ပြီးသွားပြီပေါ့။ ပစ္စည်းတွေ ဘာတွေ အကုန်လုံးလည်း ရသွားပြီ။ ပြီးတော့ (စစန) ၆၄၂ ကိုလည်း ရသွားပြီပေါ့နော်။ အခုတော့ ခမရ ၃၄၀၊ ပြီးရင်း ဗျူဟာကုန်း၊ ခမရ ၃၄၁၊ ခမရ ၄၃၄၊ ခုတင် ၁၀၀ ဆေးရုံကလည်း တပ်ရင်းပဲ။ အဲဒါတွေ သိမ်းပိုက်ဖို့ ကျန်သေးတယ်ပေါ့နော်။ တော်လှန်ရေးမဟာမိတ်တွေက ဆက်ပြီးတော့ အလုံးစုံရရှိရေး ကြိုးပမ်းနေတယ်။ လုပ်နိုင်ကြမယ်လည်း ယုံကြည်မှု ရှိတယ်။ အားလုံးက အကောင်းဆုံးကြိုးစားသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် မတ် ၁၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက်စစ်တပ်၏ စဗခ(၁)ရတခ လက်အောက်ခံ တပ်ရင်းစခန်းများ တည်ရှိသည့် မယ်တရိုး၊ ဝေနောင်၊ တံခွန်တိုင်နှင့် ဝေဆာ၏ ကူးလူးဆက်သွယ်ရေး လမ်းများအားလုံးကို ပိတ်ဆို့ ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ် ၃၀ ရက်နေ့တွင် ခလရ ၁၉ ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖာပွန်မြို့ကို KNLA ၊ PDF အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်များက သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Shwe
Photo – KNLA ရဲဘော်အချို့၏ လူမှုကွန်ရက်။