ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများ လုံဝလိုက်နာရန်မလိုဟု NUG ထုတ်ပြန် မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများ လုပ်ဆောင်သွားမည်ဟုဆို

3 months ago

ဖေဖော်ဝါရီ ၁၃
အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် လုံးဝ လိုက်နာရန်မလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းနေသည့် တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့်အာဏာ လုံး၀ မရှိဟု ဆိုသည်။
နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ရန်နှင့် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထင်ရှားကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေ (စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ် မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ယင်းဥပဒေကို တရားမဝင် အသက်သွင်းခြင်းကြောင့် ပြည်သူလူထု ကြုံတွေ့လာသည့် ဘေးဒုက္ခများ လျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ကြေညာချက်များကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းစစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ဥက္ကဌ ခွန်းဘီထူးက “မင်းအောင်လှိုင်က မအောင်မြင်တော့တဲ့ စစ်ပွဲကို အဆုံးစွန်အထိ တိုက်မယ်။ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောနဲ့ လုပ်ဆောင်နေတဲ့ စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်သွားတယ်။ တိုင်းပြည်ရဲ့ အခြေအနေက ဒီထက်ပိုဆိုးရွားသွားမယ့် အခြေအနေမျိုးဖြစ်နေတယ်” ဟု ဆိုထားသည်။
စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် လုံခြုံမှုနှင့် လွတ်လပ်မှုအပေါ် အဓမ္မခြိမ်းခြောက်ခံရမှုများမှ လွတ်မြောက်နိုင်မည်ဖြစ်၍ ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြပါရန်နှင့် တော်လှန်ရေး အင်အားစုအားလုံးအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း NUG က တိုက်တွန်းထားသည်။
May be an image of text
May be an illustration of text