ပဲခူးတွင် ခမရ(၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်း ဝင်ရောက်တိုက်ခိုက်ခံရခြင်းကြောင့် အထိနာကာ စကစတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး

7 months ago

နိုဝင်ဘာ ၁၇
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ အဆိုပါ တောင်ခြေရင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကာ မိနစ် နှစ်ဆယ်ကြာ အပြန်အလှန်ပစ်ခတ်ပြီးချိန်တွင် အထိနာသွားသော စကစတပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတို့၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသော်လည်း စခန်းတစ်ခုလုံးကို မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
“တိုက်ခိုက်မှု အခြေအနေတွေက ထုတ်ပြန်ချက်ထဲက အတိုင်းပါပဲ။ လက်ရှိမှာ ဒီတိုက်ခိုက်မှုကြောင့် စကစ လေယာဉ်တွေ တောက်လျှောက် ဝဲနေတယ်ဗျ” ဟု BPLA မှ တာဝန်ရှိသူက ပြောသည်။
၎င်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ပစ္စည်းများမှာ ၆၀မမ ၁လက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jammer ၁ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊ RPGသီး ၂၂လုံး၊ RPG ပို့ယမ်း ၁၆ခု၊ တင့်ဖျက် ၃ခု၊ ၄၀မမသီး ၁၂လုံး၊ မြေမြှုပ်မိုင်း ၉လုံး နှင့် ၅.၅၆ကျည် ၁၁၂၈တောင့်တို့ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။