ပဲခူးတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများအား တိုက်ခိုက်ခြင်းနှင့် ပျူခေါင်းဆောင်ရှင်းလင်းရေး မစ်ရှင်များ ဆက်တိုက်ဖော်ဆောင်နေ

8 months ago

“ကျွန်တော်တို့ ယာယီစခန်းကို လာကြတာ။ ကျွန်တော်တို့ဘက်က စောင့်တိုက်လို့ သုံးကောင် မုန့်ဟင်းခါးဖြစ်တယ်”
ရဲဘော် ရိုးမမြေ
===========
နိုဝင်ဘာ ၁၀
ပဲခူးတိုင်း၊ ပဲခူးရိုးမအတွင်း မင်းလှမြို့နယ်အပိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပဲခူးတော်လှန်ရေးတပ်ဖွဲ့ များ ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေကာ ပဲခူးရိုးမအတွင်း သွားလာနေသော အကြမ်းဖက်စစ်ကြောင်းအား ပဒေသာမိုင်းခွဲခြင်းများအပြင် ပျူရှင်းလင်းရေးမစ်ရှင်များကိုလည်း ပဲခူးတော်လှန်ရေးတပ်ဖွဲ့များက ဆက်တိုက်ဖော်ဆောင်နေကြောင်း သိရသည်။
“၈ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ စစ်(-) ၄၃ ကောင် လာကြတာ။ကျွန်တော်တို့ ယာယီစခန်းကို လာကြတာ။ ကျွန်တော်တို့ဘက်က စောင့်တိုက်လို့ သုံးကောင် မုန့်ဟင်းခါးဖြစ်တယ်။ ကျန်တဲ့ စစ်(-) တွေလည်း ဒဏ်ရာရလို့ သူတို့အသေတွေ အရသယ်ပြီး တပ်ဆုတ်ပြန်ကုန်ကြတာ။ သူတို့ အလောင်းတွေကို ပြန်ဆွဲသွားကြတယ်” ဟု သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေက ပြောသည်။
သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ရှားတောရဲကင်း စခန်းဟောင်း၌ ယာယီစခန်းချနေသော သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စခန်းချရာသို့ အင်အား ၄၀ ကျော်ပါ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းမှ စီးနင်းတိုက်ခိုက်ရန် ရောက်ရှိလာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းတိုက်ပွဲမှာ နိုဝင်ဘာ ၈ ရက်၊ နေ့လယ် ၁ နာရီမှ စ၍ ၂ နာရီကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒဏ်ရာရသူ များပြားသောကြောင့် တပ်ဆုတ်သွားကြောင်း ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ထိခိုက်မှု မရှိကြောင်းလည်း သိရသည်။
ယင်းနေ့ နိုဝင်ဘာ ၈ ရက်မှာပင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ မရိုးကျွန်းရွာ နှင့် သရက်စမ်းရွာကြားတွင် စစ်ကြောင်းထိုးလာသော အင်အား ၂၄ ဦးပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PPDF)၊ တပ်ခွဲ ၁က ပဒေသာမိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ၄င်းတို့လာရာ သစ်ပုတ်တာဝါတိုင် စခန်းသို့ တပ်ဆုတ်သွားခဲ့ကြောင်း၊ ယင်းအပြင် နိုဝင်ဘာ ၈ ရက်မှာပင် ပေါက်ခေါင်းမြို့နယ် အတွင်းလယ်သမားများထံမှ စိုက်ပျိုးစရိတ်ချေးငွေများ အတင်းအကြပ် ဖိအားပေးတောင်းနေသော ပျူစောထီးခေါင်းဆောင် ကျေးလက်စိုက်ပျိုးရေးချေးငွေဘဏ် ကျေးရွာအုပ်စု ဥက္ကဌ ဝင်းနိုင်ကိုလည်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့) နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃ တို့က ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ပုံစာ – ရှားတောရဲကင်းဟောင်းတိုက်ပွဲတွင် ကျန်ရစ်ခဲ့သော အကြမ်းဖက်စကစပစ္စည်းတချို့ နှင့် PDF ၊တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ တော်လှန်ရေးရဲဘော်များ။