ပုလဲမြို့နယ်မှ ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်တစ်ဦးက ၎င်းတို့စည်းရုံးရေးသုံး ကားကို PDF အဖွဲ့ထံ ဆက်သွယ်လှူဒါန်း

3 months ago

“တော်လှန်ရေးတွက် လ်ိုအပ်တဲ့နေရာမှာ သုံးဖို့ဆိုပြီး လှမ်းခေါ်ပြီး လှူတာ။ အတော်လေးလည်း အံ့သြသွားတယ်။ မယုံရဲယုံရဲနဲ့ သွားကြတာ”
ကိုအုပ်ကြီး (တာဝန်ရှိသူ – ကျားသစ်နက်တပ်မတော်)
========
မတ် ၈
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်တစ်ဦးက ၎င်းတို့စည်းရုံးရေးသုံး ကားတစ်စီးကို PDF အဖွဲ့ဖြစ်သည့် ကျားသစ်နက်တပ်မတော်ထံ ဆက်သွယ်လှူဒါန်းခဲ့ကြောင်း သိရသည်။
“၆ ရက်နေ့က ၃ နာရီလောက်က ဆက်သွယ်ပြီးလှူဒါန်းတာပါ။ တော်လှန်ရေးတွက် လ်ိုအပ်တဲ့နေရာမှာ သုံးဖို့ဆိုပြီး လှမ်းခေါ်ပြီး လှူတာ။ အတော်လေးလည်း အံ့သြသွားတယ်။ မယုံရဲယုံရဲနဲ့ သွားကြတာ။ တပ်ဖွဲ့ဝင်တွေ လိုက်သွားပြီး လမ်းတွေမှာ ကင်းပုန်းတွေချပြီး ကြံ့ခိုင်ရေးရုံးကို သွားကြတာပါ။ ကားက ဘက်ထရီအိုး တစ်လုံး လဲရတယ်။ ကားတာယာ လေးလုံး လဲရတယ်။ ပုလဲမြို့ထဲမှာ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပြီး ကြံ့ခိုင်ရေးရုံးမှာပဲ တစ်ခါတည်း ပြင်ဆင်ပြီး မောင်းပြန်ခဲ့ကြတယ်။ ၅ နာရီလောက်မှာ စခန်းကို ပြန်ရောက်ပါတယ်” ဟု ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ ကိုအုပ်ကြီးက ပြောသည်။
ယင်းသို့ ဆက်သွယ်လှူဒါန်းလာသူမှာ ကြံ့ခိုင်ရေးပါတီ၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ကျားသစ်နက်တပ်ဖွဲ့ဝင်များက ကြံ့ခိုင်ရေးပါတီမှ လှူဒါန်းသည့် ကားကို ကျားသစ်နက်တပ်မတော်မှ မောင်းပြန်လာပြီးနောက် စစ်ကောင်စီအပေါင်းအပါများမှ ကားအား မည်သည့်အဖွဲ့က ယူဆောင်သွားကြောင်း မေးမြန်းသည့်အခါ ဒေသခံများမှ ပြန်လည်ဖြေကြားခြင်းမရှိသည့်အတွက် ကြံ့ခိုင်ရေးပါတီ၏ ရုံးအနီးရှိ နေအိမ်တစ်လုံးကို မီးရှို့ခဲ့ကြကြောင်း သိရသည်။
“ကားပြင်တာ ၁၁ သိန်း ကုန်တယ်။ ကားပြင်နေတုန်းမှာ စစ်တပ်ဘက်က သုံးယောက်ထွက်လာတယ်။ ကင်းပုန်းတွေမြင်ပြီး နောက်ပြန်ပြေးကြတယ်၊ ဒီကောင်တွေမလှုပ်ရဲဘူး။ သူ‌တို့ နောက်ပြန်ဆုတ်သွားကြတယ်။ ကျနော်တို့လည်း ပြန်ရော ပြန်ရောက်လာပြီး အနားမှာရှိတဲ့ အိမ်ကို မီးရှို့တော့တာပဲ။ ဖြစ်ချင်တော့ သူတို့ရှို့လိုက်တဲ့ အိမ်က သူတို့လူ စအဖ အရာရှိတစ်ယောက်အိမ် ဖြစ်နေတယ်။ သူတို့ပဲ ကယ်တင်ရှင်လုပ်ပြီး မီးသတ်ကားနဲ့ မီးလာငြှိမ်းသွားတယ်” ဟု ကိုအုပ်ကြီးက ဆိုသည်။
အဆိုပါ ပါတီရုံးမှာ လူမရှိဘဲ ကားလှူဒါန်းမှုအား အဝေးမှ လှမ်းလှူပေးခြင်းဖြစ်ကြောင်း၊ ၎င်းအလုပ်အမှု‌ဆောင်သည် ယခင်ကလည်း ကျားသစ်နက်တပ်မတော်ထံ လှူဒါန်းမှုအချို့ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ယခုလို ကြံ့ခိုင်ရေးပါတီကားကို လှူဒါန်းမှုအပေါ် ပြည်သူအချို့က စိုးရိမ်မှုများ ရှိနေခြင်းနှင့်ပတ်သက်ပြီးလည်း ” စိတ်မပူကြပါနဲ့ဗျ။ ကျနော်တို့ ကားကို အားလုံး စစ်ဆေးပြီးပါပြီ” ဟု ၎င်းက ဆိုသည်။