ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာမှ စကစနှင့် ပျူ ပူးပေါင်းတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်၊ နှစ်ဖက်အကျအဆုံးရှိ

5 months ago

“ကျွန်တော်တို့ တပ်ဖွဲ့က ရဲဘော် နှစ်ယောက်၊ ပုလောစစ်ကြောင်း – ၁ က ရဲဘော် တစ်ယောက်၊ မိကျောင်းစစ်ကြောင်းက ရဲဘော် တစ်ယောက်နဲ့ KNDO ရဲဘော်တစ်ယောက်တို့ ကျဆုံးခဲ့ရပါတယ်”
မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ
ဖေဖော်ဝါရီ ၁
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် တပ်စွဲအခြေချ ထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နှစ်ဖက်အကျအဆုံးများရှိကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၅:၃၀ နာရီခန့်တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ နံနက် ၈ နာရီဝန်းကျင်တွင် စခန်းအား မီးရှို့ဖျက်ဆီးပြီး အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် ခလရ(၁၇)သို့ ဒရောသောပါး ဆုတ်ခွာ ထွက်ပြေးခဲ့ကြကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် မြိတ်မြို့မှ ရောက်ရှိလာသော စစ်ကူများ ဖြည့်တင်းလျက် မီးလောင်ချောင်းကျေးရွာသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ နံနက် ၈:၃၀ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ Mi-2 ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သောကြောင့် ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရခဲ့သဖြင့် စခန်းမှပြန်လည်ခွာစစ်ဆင်ခဲ့ရကြောင်း၊ မဟာမိတ်တပ်များသည် မီးလောင်ချောင်းကျေးရွာမှ နံနက် ၁၀ နာရီဝန်းကျင်တွင် အောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း ပျူစောထီး ငါးဦးနှင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ပြီး မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းမှ အမှတ်(၃)တပ်ခွဲမှူး မိုးညို၊ ရဲဘော်ကျော်ကြီးတို့ အပါအဝင် မဟာမိတ်တပ်များဘက်မှ ရဲဘော် သုံးဦး စုစုပေါင်းရဲဘော် ငါးဦး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့ မနက် ၅ နာရီခွဲလောက်မှာ ဝင်တိုက်ပြီး ၈ နာရီလောက်မှာ စခန်းကို စီးမိသွားတယ်။ အဲဒီမှာ ရှင်းလင်းရေးလုပ်နေတဲ့အချိန် ၈ နာရီခွဲလောက်မှာ သူတို့ လေကြောင်းစစ်ကူလာတယ်။ အဲဒီမတိုင်ခင်ကတည်းက ကျွန်တော်တို့ဘက်က ရဲဘော် သုံးယောက် ကျထားပြီးပြီဗျ။ သူတို့ဗုံးချတိုက်ခိုက်တော့ ရဲဘော်တွေ အထိအခိုက်ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ရဲဘော်တစ်ယောက် ထပ်ကျတယ်ဗျ။ နောက်ထပ် ဒဏ်ရာရတဲ့ရဲဘော်ထဲက KNDO ရဲဘော်တစ်ယောက်က နောက်တနေ့မနက်မှာ ဆေးရုံမှာပဲ ကျသွားတယ်။ ကျွန်တော်တို့ တပ်ဖွဲ့က ရဲဘော် နှစ်ယောက်၊ ပုလောစစ်ကြောင်း – ၁ က ရဲဘော် တစ်ယောက်၊ မိကျောင်းစစ်ကြောင်းက ရဲဘော် တစ်ယောက်နဲ့ KNDO ရဲဘော်တစ်ယောက်တို့ ကျဆုံးခဲ့ရပါတယ်။ ရဲဘော်လေးဦးရဲ့ ဈာပနကို ပြုလုပ်ထားပြီးပါပြီ။ KNDO ရဲဘော်ရဲ့ ဈာပန ပြုလုပ်ဖို့ ကျန်ပါသေးတယ်။ အခုကျဆုံးသွားတဲ့အထဲမှာ အသက်အငယ်ဆုံးက ၁၈ နှစ်ပဲ ရှိပါသေးတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းခန့်ကျော်က ပြောသည်။
ယင်းနောက် စစ်ကောင်စီတပ်များသည် နေ့လယ် ၁၂ နာရီဝန်းကျင်အထိ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ကာ ထိုသို့ ပစ်ခတ်မှုကြောင့် တပိုကျေးရွာမှ အမျိုးသမီး နှစ်ဦး ထိခိုက်ခဲ့ပြီး လမ်းပေါ်ရှိ ယာဉ်မောင်း တစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရကြောင်းလည်း သိရသည်။
၎င်းစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းနှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ပုလောစစ်ကြောင်း-၁၊ တောကြီးမြွေဟောက် တပ်ဖွဲ့၊ ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလော ဒေသကာကွယ်ရေးတပ် (PRDF)၊ မိကျောင်းစစ်ကြောင်းတို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ – မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းမှ အမှတ်(၃)တပ်ခွဲမှူး မိုးညို၊ ရဲဘော်ကျော်ကြီးတို့၏ ဈာပန။