ပုလောတွင် အကြမ်းဖက်စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းစဉ် အလစ်တိုက်ခံရခြင်းကြောင့် တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့ရ

5 months ago

ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းစဉ် အလစ်ချောင်းမြောင်း တိုက်ခိုက်ခံရခြင်းကြောင့် တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၃ ရက်နေ့တွင် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း၊ ဒရုန်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ခွဲ(၅) မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့သည် ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး ဒရုန်းတပ်ဖွဲ့မှာ စကစတပ်၏ အလစ်ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းမှ ရဲဘော် ဦးဦးနှင့် KNDO တပ်ခွဲ (၅) မှ ရဲဘော် ပွန်ညာတို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“၄၀ မမနဲ့ ပစ်ခတ်ခံရတဲ့အတွက် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပါတယ်။ ရဲဘော် ပွန်ညာကို ၂၃ ရက်နေ့မှာ သင်္ဂြိုဟ်ပြီး ရဲဘော် ဦးဦးကို ၂၄ ရက်နေ့မှာ သင်္ဂြိုဟ်ပါတယ်။ ရဲဘော်ဦးဦးကို ၂၄ ရက်နေ့မှာမှ အလောင်းပြန်ရလို့ပါ။ ရဲဘော် ပွန်ညာရဲ့ အသက်ကိုတော့ သေချာမသိပါဘူး။ ရဲဘော် ဦးဦးက အသက် ၄၄ နှစ် ရှိပါပြီ။ ဒီလို အလစ်ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရတဲ့အတွက် တိုက်ခိုက်မှုကို ဆက်လက်မဖော်ဆောင်ဖြစ်ပါဘူး” ဟု မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းခန့်ကျော်က ပြောသည်။
အဆိုပါ ရဲဘော် နှစ်ဦးကို ဆုံးရှုံးရခြင်းအတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းနှင့် ရဲဘော်တို့၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ယူ အလေးပြုပါကြောင်း၊ ၎င်းတို့ အသက်ရှိစဉ်ကာလအတွင်း မပြီးပြတ်ခဲ့သည့် စစ်မှန် ငြိမ်းချမ်းသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ကျန်ရစ်သည့် ရဲဘော်များမှ အောင်မြင်သည်အထိ ကျေပွန်အောင်ထမ်းရွက်ပါမည်ဟု ကတိပြုပါ‌ကြောင်းလည်း ဖော်ပြထားသည်။
၎င်းအပြင် ပုလောဒေသတစ်ခုလုံးတွင် မကြာမီ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် အရေးကြီး စာရွက်စာတမ်းများ၊ တန်ဖိုးကြီးပစ္စည်းများကို စနစ်တကျ ထုပ်ပိုးထားရန်နှင့် ဗုံးခိုကျင်းများ တူးထားရန် မေတ္တာရပ်ခံ အကြံပြုကြောင်းလည်း ဆိုထားသည်။
ပုံစာ – ကျဆုံးခဲ့ရသည့် ရဲဘော် ဦးဦး။