ပုလောတွင် စစ်မှုထမ်းရန် CDM မိသားစုများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ဖူးသူများကို အဓိကထား ခေါ်ယူနေ

3 months ago

”ပြည်သူ့စစ်မှုထမ်း” ဥပဒေကို အသက်ဝင်စေရန် ကူညီဆောင်ရွက်သူတိုင်းကို ပြင်းထန်စွာ အရေးယူမည်ဟု ပုလော PDF သတိပေ
=========
မတ် ၂၀
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် CDM မိသားစုများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ဖူးသူများကို အဓိကထားခေါ်ယူနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းခန့်ကျော်က ပြောသည်။
လက်ရှိတွင် ပုလောမြို့နယ်၌ စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခြင်း၊ မဲနှိုက်ခိုင်းခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
“သူတို့ ဆွေမျိုးတွေ ‌နီးစပ်ရာတွေ ချန်လှပ်ပြီး CDM မိသားစုတွေ၊ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာ ပါဝင်ဖူးတဲ့လူတွေကို အဓိကထား ခေါ်တယ်လို့ သိရတယ် ခင်ဗျ။ အမှတ် (၃) ရပ်ကွက်မှာဆို အိမ်ပေါ်အထိ တက်ဆွဲတာမျိုးတွေ လုပ်တယ်လို့ ကြားရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းလုပ်ရပ်များနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ပုလောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသို့ သတိပေးချက်တရပ်ကိုလည်း ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီသည် “ပြည်သူ့စစ်မှုထမ်း” ဥပဒေကို အတည်ပြုကြေညာခဲ့ပြီး မြန်မာပြည်သူလူထုတရပ်လုံးကို ဖိနှိပ်ရန် ကြိုးပမ်းလာခဲ့ကာ ၎င်းတို့၏ အကျိုးစီးပွားကို နောက်ဆုံးအချိန်ထိ ကာကွယ်ရန် လူငယ်လူရွယ်များကို ဖက်ဆစ်စစ်တပ်အတွင်းသို့ အတင်းအကျပ် သွတ်သွင်းရန် ဆောင်ရွက်လာခဲ့ကြောင်း၊ ပုလောမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ”ပြည်သူ့စစ်မှုထမ်း” ဥပဒေကို အသက်ဝင်စေရန် ကူညီဆောင်ရွက်ခြင်း မပြုလုပ်ရန် သတိပေးလိုကြောင်း ဖော်ပြထားသည်။
အကယ်၍ အာဏာသိမ်းစစ်ကောင်စီ၏ တောင်းဆိုချက်များကို လိုက်လျောကာ ပုလောမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များကို ဖက်ဆစ်စစ်တပ်အတွင်းသို့ အတင်းအကျပ် ထည့်သွင်းပါက ပြုလုပ်ဆောင်ရွက်သူ တစ်ဦးစီတိုင်းကို အပြင်းထန်ဆုံး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဆိုထားသည်။