ပုဏ္ဏားကျွန်း ခမရ (၅၅၀) စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို အပါအဝင် အရာရှိနှင့် တပ်ဖွဲ့ဝင် အများအပြား သေဆုံး

3 months ago

စစ်ကောင်စီတပ်၏ စစ်ကူ ဇက်သင်္ဘော ၃ စီးပေါ်မှ တပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး AA ၏ နောက်ထပ် ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုဖြစ်ဟုဆို
==========
မတ် ၆
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ (၅၅၀) စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို DSA အပတ်စဉ် (၄၂) ၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့ အပါအဝင် အရာရှိ စစ်သည် အများအပြား သေဆုံးခဲ့ကြောင်း AA တပ်က သတင်းထုတ်ပြန်သည်။
ပုဏ္ဏားကျွန်း အခြေစိုက် ခမရ (၅၅၀) တပ်ရင်းဌာနချုပ်ကို AA က ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အပြင်းအထန် ခုခံကာကွယ်ခဲ့သော်လည်း မတ် ၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မတ် ၃ ရက်‌နေ့ နံနက် ၈ နာရီခန့်တွင် ပုဏ္ဏားကျွန်း ခမရ (၅၅၀) သို့ စစ်ကူပေးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ဇက်သင်္ဘော ၂ စီးကို AA ၏ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့ပြီး ၎င်းဇက်သင်္ဘော ၂ စီးကို ကယ်တင်ရန်လာသော အခြား ဇက်သင်္ဘော ၁ စီးကိုပါ ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇက်သင်္ဘော ၃ စီးလုံးအား ရေထဲနစ်မြုပ်အောင် မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူအပြင် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း AA ၏ နောက်ထပ် ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ခမရ (၅၅၀) စခန်းသိမ်း တိုက်ပွဲအတွင်း ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အမြောက်အမြားကို အသေ ဖမ်းဆီးနိုင်ခဲ့ကာ အဆိုပါ တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ရှိခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက်ချ အညံ့ခံသူများ၊ စောစီးစွာ အလံဖြူထောင်သူများနှင့် ၎င်းတို့၏ မိသားစုဝင်တိုင်းကို ရက္ခိုင့်တပ်တော်က အသက်ချမ်းသာပေးခဲ့ပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားကြောင်း ဖော်ပြထားသည်။