ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းကို AA တိုက်ခိုက်သိမ်းပိုက်

4 months ago

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချ အညံ့မခံသော စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေ
=======
ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
AA အနေဖြင့် ရခိုင်နှင့် ပလက်ဝဒေသများအတွင်း စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ယနေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို တစ်ရက်မျှ ရပ်တန့်ခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီအား မဟာဗျူဟာမြောက်စွာ တိုက်ခိုက်လျက်ရှိနေကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ခုခံစစ်များကြားမှ ရခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ဗျူဟာ၊ စကခဌာနချုပ်၊ တပ်ရင်းစခန်း၊ တပ်မဌာနချုပ်၊ ရဲတပ်ရင်းပေါင်း မြောက်မြားစွာတို့ကို စစ်ဆင်ရေးကာလ သုံးလကျော်အတွင်း သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေး ပစ်မှတ်များကို တစ်ခုပြီးတစ်ခု ဆက်လက်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည့်နည်းတူ လက်နက်ချ အညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူရေး ကိစ္စရပ်များကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ငါးရက်မြောက် ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချ အညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် တိုက်ပွဲများ ဆက်လက်ဆင်နွှဲရင်း ရန်သူ့စခန်းတချို့အား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှဲလျက်ရှိနေကြောင်းလည်း ဆိုထားသည်။
ပုံဟောင်း – AA တပ်ဖွဲ့ဝင်အချို့။