ပလက်ဝမြို့နယ်၊ ဟုမ်းရွာကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၇ ဦး သေဆုံး

4 months ago

ဇန်နဝါရီ ၃၀
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်နယ်ဒေသ၊ ဟုမ်းရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့ ဇန်နာဝါရီ ၂၉ ရက်တွင် လေယာဉ်ဖြင့် သုံးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံး‌ခဲ့ရကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် စစ်ကောင်စီတပ်က သုံးကြိမ်တိုင် လာ‌ရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၈၀ ခန့်ရှိသည့် ဟုမ်းရွာကို ယခုလို ‌ဗုံးကြဲတိုက်ခိုက်သည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
“အဲဒီအနီးအနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ ကြုံရာကြဲနေကြတာ” ဟု ပလက်ဝ အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောသည်။
စစ်ကောင်စီ​တပ်၏ ဗုံးကြဲတ်ိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ မင်းတပ်မြို့နယ်၊ ကြုပ်ကျေးရွာမှ ဟုမ်းရွာသို့ ဆီလာရောင်းချကြသော ဆီကုန်သည်များ ဖြစ်ကြသည်ဟု သိရကြောင်းနှင့် ပလက်ဝမြို့နယ်၊ ဒိုင်ရ်နယ်ဒေသ၊ ဒိုက်ချောင်းဝရွာမှ ပြည်သူ တစ်ဦး အပါအဝင် စုစုပေါင်းပြည်သူ ၇ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက်မီဒီယာအချို့တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် ၂၀၂၃ ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း ဟုမ်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဒိုင်ရ်နယ်ဒေသ၊ ဝေလူးရွာကိုလည်း ၂၀၂၃ နိုဝင်ဘာ ၁၅ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦးအသက်ဆုံးရှုံးသွားခဲ့ရသည်။