နှစ်သောင်းတန် ငွေစက္ကူသစ် ဂယက်ကြောင့် တမူးမြို့နယ်တွင် ကုန်ဈေးနှုန်း သုံးဆခန့်အထိ မြင့်တက်

11 months ago

“ကုန်ဈေးနှုန်းတွေ တအားမြင့်တက်လာကုန်တော့ ခိုးဆိုးလုယက်တာတွေ လူသတ်တာတွေက များလာတယ်။ အိမ်နီးနားချင်းတွေတောင် သိပ်စကားမပြောကြတော့ဘဲ ခပ်ဝေးဝေးဖြစ်လာကြတာ”
ဒေသခံ တစ်ဦး
ဩဂုတ် ၁

အကြမ်းဖက်စစ်တပ်မှ ငွေကျပ်နှစ်သောင်းတန်ထုတ်ဝေရန် ကြေညာပြီးနောက် တမူးမြို့နယ်အတွင်း ကြက်ဥတစ်လုံး ၈၀၀ ကျပ်နှင့် ခရမ်းချဉ်သီးတစ်လုံး ၅၀၀ ကျပ်အပြင် အခြားသော အခြေခံစားသောက်ကုန်များ ဈေးနှုန်းအဆမတန်တက်သွားကြောင်း သိရသည်။

“ကြက်ဥက တစ်လုံး ၈၀၀ ရှိတယ်။ ခရမ်းချဉ်သီးတစ်လုံးကိုတောင်မှ ၅၀၀ ပေးရတယ်။ ဒါတောင်ကြက်ဥက ဆယ်လုံးဝယ်ရင် ခုနစ်လုံးလောက်က ပုပ်နေတာမျိုးတွေ ရှိသေးတာ။ လမ်းတွေကလည ်းပိတ်ထားဆိုတော့ တမူးမြို့ကနေ ဘယ်မှလည်းသွားလာလို့မရဆိုတော့ အရမ်းခက်ခဲနေတယ် စီးပွားရေးရော ကျန်းမာရေးရော။ ကြက်ဥတောင် အဲဒီလောက်ဈေးဖြစ်သွားတာ တခြားဟာတွေဆိုရင် ဒီထက်ပိုဈေးတက်ကုန်တာပေါ့” ဟု တမူးမြို့ခံ ကိုသီဟက Spring Of Burma Media သို့ ပြောသည်။

ယခင်က ဆီတစ်ပိဿာလျှင် ကျပ် ၂၀၀၀ ကျော်မှ လက်ရှိ ၂၁,၀၀၀ ကျပ်ခန့်ထိထိုးတက်သွားကြောင်းနှင့် ဆန်တစ်ပြည်ကို ၄၀၀၀ ကျော်ထက်မနည်း ပေးဝယ်နေရသောကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံ ဒေါ်ဆောင်းမင်းက ပြောသည်။

“ဒီမှာနေတဲ့သူတွေက မျက်စိမှိတ်ပြီးနေနေရတာ။ ဈေးဝယ်ရင်လည်း မျက်စိမှိတ်ပြီး ဝယ်နေရတာ။ ဒီဟာတွေက တချိန်ကျရင် ပြီးသွားမှာပဲဆိုတဲ့စိတ်နဲ့‌ပေါ့။ အခုဆိုရင် တစ်သောင်းကုန်တယ် ဒါတောင် ဘာမှမဝယ်လိုက်ရဘူး။ အရင်ကတော့ တစ်ရက်ကို သုံးလေးထောင်ငါးထောင်လောက်နဲ့ကို လောက်တယ်လေ။ အခုဆိုရင် ဧည့်သည်လာလို့ လက်ဖက်ရည်ဝယ်တိုက်ဖို့ လက်ဖက်ရည်တစ်ခွက်ကို ၁၀၀၀ ဆိုတော့ အရင်က လက်ဖက်ရည်သောက်တာကို မသောက်တော့ဘဲ အိမ်ကမိသားစု စားဝတ်နေရေးမှာပဲ သုံးလိုက်ကြတာပေါ့။ အခုက ဘယ်ဟာမဆို သုံးဆသုံးဆနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းတက်လာတာ။ ပြီးတော့ အခုဆိုရင် စီးပွားရေးကလည်း ဘာမှလုပ်မရ၊ ရှိတဲ့ ရာသီပေါ်အသီးတွေကို ရောင်းစားပြီးတော့ပဲ နေရတာလေ။ ကုန်ဈေးနှုန်းတွေ တအားမြင့်တက်လာကုန်တော့ ခိုးဆိုးလုယက်တာတွေ လူသတ်တာတွေက များလာတယ်။ အိမ်နီးနားချင်းတွေတောင် သိပ်စကားမပြောကြတော့ဘဲ ခပ်ဝေးဝေးဖြစ်လာကြတာ။ ဘယ်ကနေပဲကြည်ကြည့် ခက်ခဲနေတာပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

ကုန်ဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ ခိုးဆိုးလုယက်သတ်ဖြတ်မှု တစ်လလျှင် ငါးမှုထက်မနည်း ကျူးလွန်မှုများ ပိုမိုဆိုးရွားလာသဖြင့် ဝင်ငွေရှာဖွေရန် စိုးရိမ်မှုများဖြင့် သွားလာလှုပ်ရှားနေရကြောင်း ဒေသခံများက ဆိုသည်။ ယင်းအပြင် အကြမ်းဖက်စစ်တပ်ဘက်ကလည်း တမူး – ကလေး ကားလမ်းမနှင့် အိန္ဒိယနယ်စပ် ကားလမ်းများကို ပိတ်ဆို့တားဆီးထားသဖြင့် ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဗဟိုဘဏ်ဘက်က အကြမ်းဖက်စစ်တပ်၏ အသစ်ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူသည် ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနှင့် ကပ်ရောဂါတို့ စုပြုံခံစားနေရသည့်အချိန် ပြည်သူများ၊ လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအပေါ် အခက်အခဲများ ကြုံတွေ့နိုင်သဖြင့် တရားမဝင်သည့်အပြင် အသိအမှတ်ပြုခြင်းမရှိကြောင်း ဇူလိုင် ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

သွင်သစ်