နွားထိုးကြီး၊ ကုန်သာရွာ သင်္ချိုင်းတွင် ကင်းပုန်းဝပ်မည့် စကစများအား ဒရုန်းဗုံးသီးများ ပစ်ချ တိုက်ခိုက်၊ ၈ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

5 months ago

ဖေဖော်ဝါရီ ၉
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုန်သာရွာ သင်္ချိုင်းတွင် ကင်းပုန်းဝပ်မည့် စကစများအား ဒရုန်းဗုံးသီးများ ပစ်ချ တိုက်ခိုက်ခဲ့ရာ ၈ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်အုပ်စုက ကုန်းသာ သင်္ချိုင်းတွင် ကင်းပုန်းဝပ်ရန် ထွက်လာမည်ဖြစ်ကြောင်းအတွင်းသတင်းပေးက တိတိကျကျသတင်းပေးသည့်အတွက် မဟာမိတ်ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီး တစ်လုံးချ တိုက်ခိုက်ခဲ့ရာ ကင်းပုန်းမဝပ်တော့ဘဲ ထွက်ပြေးသွားခဲ့ကြကြောင်း၊ ထွက်ပြေး စကစများ ဝင်သွားသည့် အဆောက်အဦကို ဒရုန်းဖြင့် ထပ်မံ၍ ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့ရာတွင် အဆောက်အဦပေါ် တည့်တည့်ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ကင်းပုန်းဝပ်ထွက်လာတဲ့ အင်အားက နည်းနည်းများတယ်။ အတိအကျတော့ ကျွန်တော်တို့ မသိဘူး။ ခန့်မှန်းရခက်တယ်။ အင်အားက ၇၀ လောက် ရှိတယ်လို့ ပြောပေမယ့် အတိအကျ မသိပါဘူး။ လက်လုပ် အီနာဂါ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ မနေ့က ၃ နာရီလောက်မှာ ပြန်ဆုတ်သွားပြီလို့တော့ သိရပါတယ်” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ယခုတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces၊ မြင်းခြံ ပ.က.ဖ ၊ Triger Brother၊ မြစ်သား PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။