နွားထိုးကြီးတွင် စကစနှင့် ပျူများ လိုက်ပါလာသည့် ကားသုံးစီးအား မိုင်းခွဲတိုက်ခိုက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

5 months ago

ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှ နွားထိုးကြီးမြို့သို့ သွားသော စကစနှင့် ပျူများ လိုက်ပါလာသည့် ကားသုံးစီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် မြင်းခြံမြို့ဘက်မှ နွားထိုးကြီးမြို့ သာကုန်းကျေးရွာဘက်သို့ သွားနေသည့် စကစယာဉ်သုံးစီးအား နနွင်းတော်ဘိုးလမ်းခွဲ၌ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စုစုပေါင်း အင်အားတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ မိုင်းခွဲလိုက်တဲ့ ကားပေါ်မှာတော့ ခုနစ်ယောက်လောက် ပါတယ်လို့ သိရတယ်။ သူတို့လာမယ်ဆိုတာ ဖရဲသီးသတင်းပေးချက်အရ ကြိုသိလို့ မိုင်းလေးလုံးခွဲ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုပြီးတဲ့အချိန်မှာ မတ်တူးကားက ထိုးရပ်သွားတယ်။ ကျွန်တော်တို့ ဆိုင်ကယ်နဲ့ပြေးတဲ့အချိန်မှာ ဒီကောင်တွေ နောက်ပြန်လှည့်သွားကြတာ။ ပြီးမှ မြင်းခြံဘက်က နာရေးကူညီမှုအသင်းကားနဲ့ ထိခိုက်ခဲ့သူတွေကို တင်သွားတယ်။ တစ်ယောက်က ပွဲချင်းပြီး သေတာ။ နောက်တစ်ယောက်က ဆေးရုံပေါ်မှာ၊ သေတော့မယ်လို့တော့ ကြားတယ်။ နောက်တစ်ယောက်ကတော့ မစိုးရိမ်ရ ဒဏ်ရာရတယ်ဗျ။ သူတို့လာတဲ့အထဲမှာ စစ်သားရော၊ ရဲရော၊ ပျူရော ပါလာတယ်။ ဖရဲသီးသတင်းပေးချက်အရ သေတာ ပျူလို့ သိထားပါတယ်” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
၎င်းတိုက်ခိုက်မှုအပြီး မတ်တူးကား၏ ဘယ်ဘက်မျက်နှာပြင်မှ လေကာမှန်များကွဲ၍ အနည်းငယ်ပျက်စီးသွားကာ မြင်းခြံဘက်သို့ ချက်ချင်းလှည့်ပြန်သွားပြီး ထိခိုက်သေဆုံး ပျူများအား လူနာတင်ကားဖြင့် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကြောင်းနှင့် ၁၀:၃၀ နာရီခန့်တွင် ကျန်ကားနှစ်စီးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ နေရာတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြင်းခြံဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။