နိုင်ကျဉ်းများဖြစ်သည့် ချောင်းဦး လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင် ရိုက်နှက် နှိပ်စက်ခံရပြီး ကိုအောင်ကျော်ဇင် ကျဆုံးခဲ့ရ

3 months ago

မတ် ၃၀
မုံရွာမြို့ အမှတ်(၁) ရဲစခန်းတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့ ရိုက်နှက်နှိပ်စက်ခံရပြီး ကိုအောင်ကျော်ဇင် ကျဆုံးသွားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ်၊ မတ် ၂၇ ရက်နေ့တွင် မုံရွာမြို့ အမှတ် (၁) ရဲစခန်း၌ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော အကျဉ်းသားတစ်ဦး တရားရုံးမှ ရဲစခန်းအချုပ်သို့ ပြန်လည်ရောက်ရှိလာရာတွင် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည်ဟူသော စွပ်စွဲချက်ဖြင့် ရဲတပ်သားများမှ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ချောင်းဦးမြို့နယ်လူငယ် သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့မှ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် မတရားနှိပ်စက်ရန် မသင့်ကြောင်း ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ပြောဆိုမှုကြောင့် မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ပြည့်လင်းအောင်နှင့် ဒု – ဗိုလ် ကျော်ဝင်းထွန်းတို့မှ ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား အကြမ်းဖက် အာဏာသိမ်းစစ်တပ် အထိုင်ချထားသော မြို့တော်ခန်းမသို့ မတ် ၂၈ ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပို့ဆောင်ပြီး ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ အကြမ်းဖက် အာဏာသိမ်းစစ်တပ်၏ စစ်သားများမှ ရိုက်နှက် နှိပ်စက်ခဲ့ပြီး ထိုသို့ ရိုက်နှက်နှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင်မှာ ၂၉ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။
ရိုက်နှက်နှိပ်စက်ခံထားရသည့် ကိုမာန်ဇာမြေမွန်မှာလည်း အသက်အန္တရာယ် စိုးရိမ်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူရန် လိုအပ်လျက်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့်လည်း အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများအား အမြဲမပြတ်နားစွင့်ပြီး လိုအပ်သည့်အကူအညီများ ပေးကြပါရန်နှင့် ယခုဖြစ်စဉ်အား မှတ်တမ်းတင်ထားရှိပြီး ပြည်သူ့တရားစီရင်ရေးအချိန်ကာလ ရောက်ရှိချိန်တွင် ပါဝင်ပတ်သက်ခဲ့သူများကို တရားဥပဒေနှင့်အညီ အပြစ်ပေး အရေးယူသွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်‌ဖော်ပြထားသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီသို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ပါ။
ပုံစာ – ရိုက်နှက် နှိပ်စက်ခံထားရသော ကိုမာန်ဇာမြေမွန်။