ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အား ပုဒ်မတချို့မှ လွတ်ငြိမ်းခွင့်ပြုခြင်းက အကြမ်းဖက်စစ်ကောင်စီ အကြပ်အတည်းမှ ထွက်ပေါက်ရှာခြင်းသာဖြစ်

11 months ago

“ချိတ်တွေ အများကြီးနဲ့တစ်ကိုယ်လုံး ချုပ်နှောင်ထားပြီးမှ သုံးချိတ်လောက် ဖြုတ်ပေးလိုက်တာ၊ အကုန်လွှတ်ပေးတာမှ မဟုတ်တာပဲ”
          လွှတ်တော် ကိုယ်စားလှယ်ဟောင်း
သြဂုတ် ၁
၂၀၂၃ ခုနှစ် သြဂုတ် ၁ရက်တွင် ထုတ်ပြန်လာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့အပေါ် ချမှတ်ထားသော ပြစ်ဒဏ်များမှ အချို့အား လွတ်ငြိမ်းခွင့်ပြုခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ အကြပ်အတည်းများအား မီးမောင်းထိုးပြနေခြင်းဖြစ်ကာ ၄င်းတို့အနေဖြင့် နိုင်ငံရေး ထွက်ပေါက်ရှာခြင်းတစ်ခုသာ ဖြစ်ကြောင်း လက်ရှိ နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်နေသော NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက Spring of Burma Media သို့ ပြောသည်။
“အမှုတွေအများကြီးထဲကမှ တချို့ကို ပြစ်ဒဏ်ကနေလွတ်တယ်လို့ ပြောကတည်းက ရှင်းတယ်လေ။ ဆိုလိုတာက ချိတ်တွေ အများကြီးနဲ့တစ်ကိုယ်လုံး ချုပ်နှောင်ထားပြီးမှ သုံးချိတ်လောက် ဖြုတ်ပေးလိုက်တာ၊ အကုန်လွှတ်ပေးတာမှ မဟုတ်တာပဲ။ ဒါကတော့ ဂိမ်းကစားတာပေါ့။ သူတို့ အကြပ်အတည်းဖြစ်နေတာတော့ သိသာမြင်သာတာပေါ့” ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ဟောင်းက ပြောသည်။
Photo – CGTN
အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ပြန်လာသော ထုတ်ပြန်ချက်တွင် ‘နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးများက ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်အမှုကြီး အမှတ် ၃၅/၂၀၂၁ ၊ ရာဇဝတ်အမှုကြီး အမှတ် ၃၇/၂၀၂၁ ၊ ရာဇဝတ်အမှုကြီး အမှတ် ၃၈/၂၀၂၁ ၊ ရာဇဝတ်အမှုကြီး အမှတ် ၇၁/၂၀၂၁ ၊ ရာဇဝတ်အမှုကြီး အမှတ် ၄၅/၂၀၂၁ တို့ဖြင့် ပြစ်ဒဏ်ကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းသက်သာခွင့်ပြု’ ဟု ပါရှိသလို ‘နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံးများက ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်အမှုကြီး အမှတ် ၃၅/၂၀၂၁ နှင့် ရာဇဝတ်အမှုကြီး အမှတ် ၃၆/၂၀၂၁ တို့ဖြင့် ပြစ်ဒဏ်ကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းသက်သာခွင့်ပြု’ ဟုလည်း ဖော်ပြပါရှိထားသည်။
အဆိုပါ ထုတ်ပြန်ချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားချမှတ်ထား သော အမှုပေါင်း ၁၉ မှုအနက် ၅ မှုကိုသာ လွတ်ငြိမ်းပေးခဲ့ခြင်းဖြစ်၍ အမှုပေါင်း ၁၄ မှုအတွက် ဆက် လက်ရင်ဆိုင်ရမည်ဖြစ်ကာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အပေါ် ချမှတ်ထားသော အမှု ၈ မှုတွင်လည်း ၂ မှုကိုသာ ခွဲထုတ် လွတ်ငြိမ်းပေးထားခြင်းဖြစ်သည်။
“သက်တမ်းကို တရားမဝင်သက်တမ်း ခြောက်လ တိုးလာတယ်။ အဲဒါအပြင် ဂိမ်းတွေကစားက လာတယ်ဆိုကတည်းက သူတို့ လုံးဝကို အကြပ်အတည်းဆိုက်ပြီး ဗျာများနေတာ သေချာတယ်။ ဒါပေမယ့် သူတို့ကြိုက်တဲ့အချိန် လုပ်လို့ရတာတွေဖြစ်တယ်။ သူတို့လက်ထဲမှာ ကိုင်ထားတာ။ အပြင်ထုတ်ပေးလိုက် တာမဟုတ်ဘူးလေ သိတယ်မဟုတ်လား။ သူတို့ ဂိမ်းကစားနေတာကို တချို့က ဝမ်းသာလိုက်တာ..ဝမ်းသာစရာ ဘာအကြောင်းမှကို မရှိတာ။ တိုင်းပြည်တစ်ခုလုံး မတရားတွေ လုပ်ထားသူတွေအတွက် ဒီလိုလုပ်ပေးလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လွတ်လပ်လပ်နေနေရတာ မဟုတ်ဘူး။ ဦးဝင်းမြင့်ရောပဲ ” ဟု အထက်ပါ လွှတ်တော် ကိုယ်စားလှယ်က သုံးသပ်ပြောကြားသည်။
၎င်းက ဆက်လက်၍ “အဓိကကတော့ ဒီလိုမျိုး အရွေ့အပြောင်းတွေလုပ်မယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ကြိုပြီးတော့ ရထားပါတယ်။ ဒါကြောင့် ဦးမန်းဝင်းခိုင်သန်း ထုတ်ပြန်ချက်ကို ထုတ်ထားရတာ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသည်ဖြစ်စေ မလွှတ်ပေးသည်ဖြစ်စေ အကယ်၍ လွှတ်ပေးသည် ဆိုသည့်တိုင်အောင် အခုသွားနေတဲ့ စစ်အာဏာရှင် အမြစ်ဖြတ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းကနေ သွေဖည်သွားမှာ မဟုတ်ဘူးဆိုတာမျိုး ပြောသင့်လို့ ပြောလိုက်တာ။ NLD ကလည်း ဒီသဘောထားအတိုင်းပဲ။ ဟိုနေ့က ဗဟို ကော်မတီ အစည်းအဝေးက စာထုတ်တာ ဒီအပိုင်းကိုပဲ ထုတ်တာ ” ဟု လည်း ၄င်းတို့ သဘောထားအမြင်ကို ထုတ်ဖော်ပြောခဲ့သည်။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် နိုင်ငံရေး အကျဉ်းသားများအပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော အကျဉ်းသား ၇၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးမည်ဟုလည်း ကြေညာထားသဖြင့် မိသားဝင်တချို့မှာ သက်ဆိုင်ရာ အကျဉ်းထောင်များအရှေ့တွင် စောင့်ဆိုင်းခြင်းများလည်း ရှိနေကြောင်းသိရသည်။