ဒီးမော့ဆို စစ်မြေပြင်ဧရိယာအတွင်း ပြည်သူများ သွားလာနေထိုင်ခြင်း လုံးဝမပြုရန် ကရင်နီတော်လှန်ရေး တပ်ပေါင်းစု တားမြစ် “အခု ဒီးမော့ဆိုက တိုက်ပွဲ အချိန်မရွေး ဖြစ်သွားနိုင်တဲ့ နေရာဖြစ်နေတယ်။ စစ်ကောင်စီက ပြည်သူတွေရဲ့နေရာတွေမှာပဲ ခြေကုပ်ယူထားတာ” ကရင်နီတော်လှန်ရေး တပ်ပေါင်းစု တာဝန်ရှိသူ

8 months ago

နိုဝင်ဘာ ၄
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီက နေအိမ်များ မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား လူသားတံတိုင်းပြုလုပ်၍ ဖမ်းဆီးခေါ် ဆောင်ခြင်းများကို ပြုလုပ်နေ၍ ဒီမော့ဆို စစ်မြေပြင် ဧရိယာအတွင်း ပြည်သူများ လုံးဝသွားလာနေထိုင်ခြင်း မပြုရန် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက တားမြစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
“အခု ဒီးမော့ဆိုက တိုက်ပွဲ အချိန်မရွေးဖြစ်သွားနိုင်တဲ့နေရာဖြစ်နေတယ်။ စစ်ကောင်စီက ပြည်သူတွေရဲ့နေရာတွေမှာပဲ ခြေကုပ်ယူထားတာ။ တချို့တွေက နေအိမ် ပြန်တဲ့လူတွေ ရှိနေတယ်။ ကျွန်တော်တို့လည်း နယ်မြေတွေ ရှင်းတာက ရှင်းတာပဲ။ မိုင်းတွေက ကျွန်တော်တို့ ရဲဘော်တွေလည်း နင်းမိကြတယ်။ ဒါကြောင့် တားလိုက်တာပါ” ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ တပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူက ပြောသည်။
လက်ရှိ အခြေအနေတွင် ဒီးမော့ဆိုမြို့နယ် တစ်မြို့နယ်လုံးနီးပါးတွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများ ထိတွေ့တိုက်ပွဲများစွာ ဖြစ်ပွားလျက်ရှိနေကြောင်းနှင့် ယင်းတိုက်ပွဲများကြောင့် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများအတွင်း မြေမြှုပ်မိုင်းများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအား မရှင်းလင်းရသေးခြင်း၊ ကျန်ရှိနေသေးခြင်း၊ အဆိုပါ နေရာများမှာ စစ်မြေပြင်အဖြစ် သတ်မှတ်ထားသည့် ဧရိယာများဖြစ်သည့်အတွက် အကြမ်းဖက်စစ်ကောင်စီဘက်မှ အချိန်မရွေး လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် အထူးသတိပြုရန်လည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက နိုဝင်ဘာ ၄ ရက်နေ့စွဲဖြင့် မေတ္တာရပ်ခံတစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် ဒီးမော့ဆို စစ်မြေပြင် ဧရိယာ ကျေးရွာများအတွင်း သွားလာလှုပ်ရှားခြင်း၊ ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းများသယ် ဆောင်ခြင်း၊ နေအိမ် ပြန်ကြည့်ခြင်းများ လုံးဝ လုံးဝမပြုလုပ်ကြရန်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံ တောင်းဆိုထားသည်။