ဒီပဲယင်းနှင့် ရေဦးတွင် စစ်ဘေးရှောင် တစ်သောင်းကျော်အထိ ရှိလာ၊ ကူညီပေးနေသည့် Camp များ ခက်ခဲနေကြပြီး အရေးပေါ်အကူအညီများ လိုအပ်နေ

8 months ago

နိုဝင်ဘာ ၄
ဒီပဲယင်းနှင့် ရေဦးနယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ဘေးလွတ်ရာသို့ ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်အထိ ရှိနေပြီး လက်ရှိတွင် စစ်ရှောင်များအား ကူညီပေးနေသည့် Camp များမှာ ခက်ခဲနေကြကာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးမှ တာဝန်ရှိသူက ပြောသည်။
“အရင်လ ၁၈ ရက် ရေဦးကနေ စစ်ကြောင်းစထိုးကတည်းက တချို့ရွာတွေ ရှောင်လိုက် ပြန်ကပ်လိုက်နဲ့ ဆက်တိုက်ရှောင်နေကြရတာ။ ဒီပဲယင်းအနောက်ခြမ်းစစ်ကြောင်းထိုး မစိုးရိမ်ရွာ ဝင်ပစ်ပြီး ဒီပဲယင်းအနီးဝန်းကျင်နဲ့ ရေဦးနယ်က ရွာတွေ ရှောင်ကြတာတင် တစ်သောင်းလောက်ရှိမယ်။ ကူညီပေးနေတဲ့ Camp တွေ တအားခက်ခဲနေကြပြီ။ ကျနော်တို့ဆီလည်း အကူအညီတွေ တောင်းနေကြတယ်။ ကျနော်တို့လည်း တတ်နိုင်သလောက် တချို့ Camp တွေပဲ ကူနိုင်သေးတယ်။ အကုန်မရောက်သေးဘူး။ ဆက်ကူဖို့ ရိက္ခာစုနေတုန်းဗျ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် ရေဦး တောင်ခြမ်း၊ အနောက်ခြမ်း၊ မြောက်ခြမ်းကျေးရွာများသို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ရေဦးပြည်သူများအပြင် နီးစပ်သည့် ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာနေ ပြည်သူများလည်း လက်နက်ကြီးအန္တရာယ်ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်နေကြရသည့်အတွက် စစ်ဘေးရှောင်ဦးရေ ပိုမိုတိုးလာကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးရာတွင် နေ့စဉ်ကုန်ကျစရိတ်များနှင့်ပတ်သက်၍လည်း “ကျနော်တို့ခန့်မှန်းတာက ဦးရေ ၂၀၀ စာ Camp အတွက်ဆို ဆန် တစ်တင်းခွဲအပါအဝင် အရံဟင်း သုံးခွက်လောက်ဆို သုံးသိန်းဝန်းကျင်လောက် ခန့်မှန်းရတယ်ဗျ။ အသားကျွေးရင်တော့ ပိုကုန်တာပေါ့။ နောက်ပိုင်း ပိုကျပ်လာလို့ အများစုက အငံကြော်၊ အရံဟင်း၊ ပဲဟင်း သုံးခွက်လောက်ပဲ ချက်ကျွေးကြတာများတယ်။ အရေအတွက်လောက်ငအောင်ပေါ့” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် ယခုရက်ပိုင်းအတွင်း စစ်ရှောင် Camp များအား ကူညီထောက်ပံ့ပေးခဲ့ပြီး လတ်တလော ရိက္ခာအခက်အခဲများစွာ ရှိနေသော်လည်း စစ်ရှောင်များအတွက် အတတ်နိုင်ဆုံး ရိက္ခာအကူအညီများ ရှာဖွေ ပေးပို့လျက်ရှိကြောင်းနှင့်
ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး Page Messenger တွင် ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။