ဒီပဲယင်းနှင့် ရေဦးတို့ရှိ အရပ်သားများ နေထိုင်ရာ ကျေးရွာများသို့ အကြမ်းဖက်တပ် လက်နက်ကြီး ပစ်ခတ်မှု ပိုမိုဆိုးရွားလာ ယမန်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး နှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့

7 months ago

နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်း ဒီပဲယင်းနှင့် ရေဦးမြို့နယ်တို့တွင် အကြမ်းဖက်တပ်များ စစ်ကြောင်းထိုးကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ယခုရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးမှ တာဝန်ရှိသူကပြောသည်။
ယမန်နေ့ ညနေပိုင်းတွင် ရေဦး၊ ကြာဖူးအဝိုင်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပြီး အရပ်သား အမျိုးသမီး နှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရှမ်းမြောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ် စခန်းများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရချိန်တွင် ရေဦးမြို့မှ အကြမ်းဖက်စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
“ဒီလိုလက်နက်ကြီးနဲ့ ပစ်တာ အရင်ကလည်း ပစ်ပေမယ့် ဒီရက်‌တွေမှာ ပိုဆိုးလာတယ်။ မနေ့က လက်နက်ကြီးနဲ့ ထပ်ပစ်လို့ ပြည်သူတွေ ထပ်ရှောင်နေကြရတယ်။ ရွာထဲတောင် ကျပြီးပြည်သူအထိအခိုက်ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းအပြင် ရေဦးမြို့အဝင်များတွင်လည်း အကြမ်းဖက်စစ်တပ်မှ နင်းမိုင်း၊ ကြိုးမိုင်းများ ထောင်ထား‌ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ‌ည‌နေပိုင်းမှစ၍ ရေဦး တောင်ခြမ်း၊ အနောက်ခြမ်း၊ မြောက်ခြမ်းကျေးရွာများသို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ပြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကာ အဆိုပါတိုက်ခိုက်မှုကြောင့် ရေဦးပြည်သူများအပြင် နီးစပ်သည့် ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာနေ ပြည်သူများလည်း လက်နက်ကြီးအန္တရာယ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ပုံစာ – ဒီပဲယင်းနယ် လက်ယက်ကုန်းကျေးရွာ လက်နက်ကြီးကျရောက်မှု မြင်ကွင်း။