ဒိုက်ဦးတွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦး ပွဲချင်းပြီး သေဆုံး

5 months ago

“ရာအိမ်မှူးက ပွဲချင်းပြီး၊ အုပ်ကြီးခင်ဝင်းက ရန်ကုန်ဆေးရုံ တင်ရတယ်”

ဒိုက်ဦးဒေသခံ

============
ဇန်နဝါရီ ၁၉
ပဲခူးတိုင်း၊ ဒိုက်ဦးတွင် ပြည်သူ့စစ်စုဆောင်းခြင်း အကြောင်းပြကာ ပြည်သူများထံမှ ငွေရလမ်း ရှာနေသော အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်းနှင့် ရာအိမ်မှူးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
“ရာအိမ်မှူးက ပွဲချင်းပြီး သေတယ်။ နှလုံးကို တည့်တည့်ထိသွားတာမို့။ အုပ်ကြီးခင်ဝင်းကတော့ ရန်ကုန်ဆေးရုံ တင်ရတယ်။ အဲဒီအုပ်ကြီးက တလောကလည်း CDM ဆရာတွေကို ပြဿနာတွေ ရှာသေးတယ်” ဟု ဒိုက်ဦးဒေသခံ တစ်ဦးက Spring of Burma Media သို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုမှာ ဇန်နဝါရီ ၁၈ ရက် နံနက် ၉ညနာရီ ၂၀ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းတိုက်ခိုက်မှုများအား 9 Star UG အဖွဲ့နှင့် Daik-U Defence Force – DDF က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အထူးသဖြင့် ရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ခြင်းကနေ အုပ်ကြီးတွေ ဝင်ငွေရလမ်းကြောင်းမို့ အုပ်ကြီးတိုင်းလိုလိုကအားတက်သရော လုပ်လာချိန်မှာ ခင်ဝင်းက ဝါရင့်အုပ်ကြီးပီပီ ပါးပါးနပ်နပ်နဲ့ လူအမြင်ကောင်းအောင် လုပ်တတ်လို့ ရွာကသဘောကျသူတွေ ရှိတယ်။ တကယ်က ရွာကလည်း အထင်မလွဲ၊ သူလည်း ပိုက်ဆံများများ ရမယ့် လမ်းမျိုးကို ရွေးထားတာ။ သူများရွာလို မဲမနှိုက်ဘူး။ ပိုက်ဆံတော့ ထည့်ကြ။ ည ၈ နာရီကျော် ထွက်သူကို ဖမ်းမယ် စသဖြင့် စီစဉ်ထားတယ်။ တကယ်က တခြားရွာလို ရွာကလူလည်း ပေးငွေလည်း ပေးရမှာ”ဟု အထက်ပါ ဒိုက်ဦး ဒေသခံက ဆက်လက်ပြောပြခဲ့သည်။
ပစ်ခတ်ခံခဲ့ရသော အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးခင်ဝင်းကို ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် သယ်ဆောင်သွားကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေများ မသိရသေးကြောင်း၊ပစ်ခတ်တိုက်ခိုက်ခဲ့သော တော်လှန်ရေး ရဲဘော်များမှာ ဘေးကင်းရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
#DaikUDefenceForce_DDF